ဘယ်အသက်အရွယ်အထိ လိင်ဆက်ဆံမှာလဲ


 ဘယ်အသက်အရွယ်အထိ လိင်ဆက်ဆံမယ်လို့ တွေးဖူးသလား။ ဘယ်အချိန်ဆိုရင် ရပ်လိုက်မယ်၊ ဘယ်အရွယ်အထိ ဆက်ပြီး လိင်ဆက်ဆံနေဦးမယ်ဆိုတာမျိုးပေါ့။

“အသက်ကြီးမှ နှာဘူးထနေပြန်ပြီ” လို့ ဘယ်သူမှ အပြောအဆို မခံချင်ကြသလို၊ အသက်ကြီးရင့်လာချိန်မှာ လိင်စိတ်ရှိနေသေးတာကို အပြစ်တစ်ခုလို ခံယူလာတတ်ကြတာကလည်း လူ့ သဘာဝပါပဲ။

သိပ္ပံနည်းကျ လေ့လာချက်တွေအရဆိုရင် ဘယ်အရွယ်အထိပဲ လိင်ဆက်ဆံရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုးမရှိထားပါဘူး။ ဒါပေမယ့် ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေကတော့ ကန့်သတ်မှုတွေ ပြုလုပ်ထားပါတယ်။

လိင်မှုကိစ္စဆိုတာ ငယ်ရွယ်တက်ကြွမှုတွေ၊ ခွန်အားပြည့်ဝမှုတွေ အိမ်ထောင်သားမွေးအမှုကိစ္စတွေနဲ့ ဆက်စပ်နေတဲ့ ကိစ္စတစ်ခုလို့ တံဆိပ်ကပ်ခြင်းခံထားရတယ်မဟုတ်လား။ အသက်ကြီးလာရင် လိင်စိတ်ကုန်ခမ်းသွားလိမ့်မယ်လို့ လူတိုင်းက လွယ်လွယ်တွေးထားကြတယ်။

တကယ်ဟုတ်ပါ့မလား …

အသက်ကြီးရင် လိင်စိတ်ကုန်သွားတတ်သလား

အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် အသက်အရွယ်ကြီးရင့်လာချိန်မှာ လိင်မှုကိစ္စအတွက် ဆန္ဒအာသီသ နည်းလာတတ်တာ သဘာဝပါပဲ။ ဒါပေမယ့် နည်းပါးသွားတာဟာ ပျောက်ဆုံးသွားတာမဟုတ်ကြောင်း နားလည်ထားဖို့တော့ လိုအပ်ပါတယ်။

Kinsey Institute က ပါမောက္ခ စတက်ဖနီ ဆန်းဒါးစ်ရဲ့ အဆိုကို ကိုးကားရမယ်ဆိုရင် “လိင်မဆက်ဆံဖြစ်တာပဲရှိတာ။ လိင်ဆက်ဆံချင်စိတ် ကုန်သွားတာ မဟုတ်ဘူး” ဆိုတာမျိုးပေါ့။

လေ့လာချက်တွေအရဆိုရင် အမျိုးသားတွေဟာ အသက် ၆၀-၇၀ ဝန်းကျင်ရောက်လာတဲ့အထိ လိင်စိတ်ဆန္ဒ လုံလုံလောက်လောက် ကျန်ရှိနေတတ်ပါသေးတယ်တဲ့။

လောကဓံ၊ စိတ်ဖိစီးမှု၊ အရက်သေစာ၊ မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ ကွမ်းယာကြောင့်ဖြစ်လာတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေသာ မရှိဘူးဆိုရင် လိင်စိတ်ဆန္ဒလျော့ပါးမှုဟာ နည်းနည်းစီသာ လျော့ပါးနေမှာဖြစ်ပါတယ်။

အမျိုးသမီးတွေကတော့ သွေးဆုံးပြီးချိန်မှာ လိင်စိတ်လျော့ပါးသွားလေ့ရှိပါတယ်။ ဒါပေမယ့်လည်း အထက်မှာပြောခဲ့သလိုပဲ လုံးဝပျောက်ဆုံးသွားတာမျိုးမဟုတ်ပါဘူး။

ဘယ်အချိန်အထိလဲ

မေးခွန်းကို ပြန်ဆက်ရရင် ဘယ်အချိန်အထိ လိင်ဆက်ဆံမှာလဲ၊ ၅၀ ကျော်အထိလား ၇၀ ကျော်အထိလား ၉၀ ကျော်အထိလား။

လူတစ်ယောက်က လုံလောက်တဲ့ ကျန်းမာသန်စွမ်းမှုမျိုးရှိနေပြီး စိတ်ဆန္ဒလည်း ရှိနေသေးတယ်ဆိုရင် ဘယ်အသက်အရွယ်မဆို လိင်ဆက်ဆံလို့ရနိုင်ပါတယ်။ လိင်ဆက်ဆံတယ်ဆိုတာက စိတ်အားထက်သန်မှု၊ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်၊ အခွင့်အလမ်းနဲ့ လိုအင်ဆန္ဒတွေ ပေါင်းစပ်လုပ်ဆောင်ရတာမို့ ဒါတေအားလုံး ပြည့်စုံနေဖို့တော့ လိုတာပေါ့။

National Social Life, Health, and Aging Project (NSHAP) နဲ့ National Council on the Aging (NCOA) တို့လို အဖွဲ့အစည်းတွေက အမေရိကမှာ ပြုလုပ်တဲ့ သုတေသနတွေအရဆိုရင် အသက် ၅၀ နဲ့အထက် အရွယ်ရှိတဲ့ လူကြီးတွေထဲက အမျိုးသား ၇၈% နဲ့ အမျိုးသမီး ၄၁% ဟာ လိင်ဆက်ဆံတဲ့ အလေ့အထရှိနေကြဆဲပါတယ်တဲ့။

တစ်ဦးထက်ပိုတဲ့ လိင်ဆက်ဆံဖော်ရှိနေတဲ့သူကလည်း အမျိုးသား ၃% နဲ့ အမျိုးသမီး ၁% လောက်အထိ ရှိကြတယ်လို့ဆိုပါတယ်။ ပါးစပ်နဲ့လိင်ဆက်ဆံတာ (Oral Sex) မျိုးကို ပြုလုပ်သူကတော့ အမျိုးသားထဲမှာ ၂၈% နဲ့ အမျိုးသမီး ၃၆% လောက်ရှိပါသတဲ့။

အသက် ၇၅-၈၅ နှစ်ကြားအရွယ်လူကြီးတွေထဲကမှ အမျိုးသား ၃၈% နဲ့ အမျိုးသမီး ၁၇%ဟာ အနည်းဆုံး တစ်နှစ်မှာ တစ်ကြိမ်တော့ လိင်ဆက်ဆံနေကြဆဲလို့ သုတေသနပြုချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် သူတို့ရဲ့ လိင်မှုကိစ္စတွေက ပြီးမြောက်တဲ့အဆင့်အထိရောက်တာမျိုးကတော့ ဖြစ်နိုင်ခြေနည်းပါးလှပြီး နမ်းရှုပ်တာ၊ ဖက်လှဲတကင်းနေတာ၊ လိင်အာသာဖြေတဲ့ အခြေအနေမျိုးတွေသာ ပိုများပါတယ်။ အမျိုးသား ၂၈% နဲ့ အမျိုးသမီး ၁၆% လောက်က တစ်နှစ်မှာ အနည်းဆုံးတစ်ကြိမ်တော့ အာသာဖြေကြလေ့ရှိတယ်လို့ ဝန်ခံခဲ့ပါတယ်။

ထူးခြားတာကတော့ အသက်အရွယ်မျိုးစုံသော အမျိုးသားတွေက ဘယ်အသက်အရွယ်မှာမဆို လိင်စိတ်ဆန္ဒရှိနေဆဲဖြစ်တယ်လို့ တညီတညွတ်တည်း ဆန္ဒပြုခဲ့ကြတာပါပဲ။

အမျိုးသားတွေဟာ ဘယ်အသက်အရွယ်ရောက်ရောက် ကျန်းမာနေမယ်ဆိုရင် စိတ်ဆန္ဒပြင်းပြနေတတ်တယ်ဆိုတဲ့ သဘောဖြစ်နိုင်ပါတယ်။

အိုပေမယ့် စွမ်းနေသေးခဲ့ရင်

လိင်စိတ်ဆန္ဒက လူတိုင်း အသက်အရွယ်တိုင်းမှာ ရှိနေတတ်ပါတယ်။ အလုံးစုံ ပျောက်ကွယ်သွားဖို့ကတော့ ခက်ခဲလှတဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့် ဒီအကြောင်းအရာမျိုးက ဖွင့်ဟပြောဆိုဖို့ ခက်ခဲလှတဲ့ ကိစ္စလည်းဖြစ်ပါတယ်။

အမေရိကန်လိုတိုင်းပြည်မျိုးမှာတောင်မှ သက်ကြီးရွယ်အိုတွေ လိင်မှုကိစ္စ စိတ်ဝင်စားမှုပြသရင် လှောင်ပြောင်မှုတွေ၊ ကဲ့ရဲ့ရှုံ့ချတာတွေ ပြုလုပ်တတ်ကြပါတယ်။ ဒါပေမယ့်လည်း သွေးသားက ဖြစ်ပေါ်လာတဲ့ စိတ်ဆန္ဒကိုတော့ ထိမ်းချုပ်ရခက်လှတယ်မဟုတ်လား။

ပုံမှန်အားဖြင့်ဆိုရင် အသက်အရွယ်ကြီးရင့်လာချိန်မှာ လိင်စိတ်ဆန္ဒက တဖြည်းဖြည်းချင်း လျော့ပါးလာမှာပါ။ ဒါပေမယ့် လုံးဝပျောက်ကွယ်သွားဖို့တော့ ခက်ခဲပါရဲ့။

ဒါကြောင့် ကိုယ့်မှာ ဒီလိုစိတ်မျိုးဖြစ်ပေါ်လာခဲ့ရင် တစ်ခုခုလွဲချော်နေတယ်လို့ မရှုမြင်ဖို့ လိုအပ်ပါတယ်။ ဒါက သဘာဝပဲမို့ပါ။ ကိုယ်ကျန်းမာသန်စွမ်းနေဆဲဆိုတဲ့ အဓိပ္ပာယ်မျိုးလည်း ဖြစ်နိုင်တယ်မဟုတ်လား။



Comments