ဆယ်ကျော်သက်သမီးလေးအား လိင်ပညာပေး ဆွေးနွေးခြင်း


ရေးသားသူ Dr. Hlaing Min Ko Koဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

ယနေ့ခေတ်အခါမှာ လူမှုကွန်ယက်များရှိ နာမည်ကြီးခေါင်းစဉ်များတွင် လိင်အကြောင်းက တစ်ခုအပါအဝင်ဖြစ်သည်ကို ကြည့်ခြင်းအားဖြင့် သင်၏သမီးလေးသည် လိင်ပိုင်းဆိုင်ရာ အသိပညာတချို့ကို သိထားပြီးသားဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်လည်းပဲ မိဘပြောစကားသည် သမီးဖြစ်သူအတွက် လိင်ပညာပေး ဆွေးနွေးရာတွင် အဓိကကျသည့်နေရာတွင်ရှိနေကြောင်း သိထားရန်အရေးကြီး၏။
ထို့ကြောင့် ကလေးအတွက်အန္တရာယ်ကင်းစေရန် နှောင့်နှေးမနေပဲ စပြီး ပြောဆိုသင်ကြားပေးပါ။ အောက်တွင် မိဘများ ဆယ်ကျော်သက်သမီးလေးကို လိင်ပညာပေးရာတွင် အထောက်အကူပြုမည့် အကြံဉာဏ်များကို ဖော်ပြထားပါသည်။
ဘယ်အချိန်မှာ ဘယ်လိုစပြောရမလဲစပြောတော့မည့်ခဏသည် နှစ်ဦးစလုံးအတွက် ကသိကအောက်ဖြစ်နိုင်သည်။ သင်ကလဲ မပြောချင် သမီးကလဲနားထောင်ချင်စိတ်မရှိ ဖြစ်တတ်ပါသည်။ OB/GYN သူနာပြု Janine J. Sherman အရ လိင်ပညာပေးရန် စပြောအသင့်ဆုံး အချိန်သည် သူ့အလိုလို သာမန်ဖြစ်ရိုးဖြစ်စဉ် ပုံစံမျိုးနှင့်သာ အချိန်တန်လာပါလိမ့်မည်။ ဥပမာ သင်ရော သင့်သမီးပါ ကိုယ်ဝန်ဆောင်တစ်ဦးကို မြင်လိုက်ရသည့်အချိန်မျိုး သို့မဟုတ် ဇာတ်ကားကြည့်ရင် လိင်ကိစ္စပါလာသည်အခါမျိုး တို့ဖြစ်သည်။
တခြားသော စတင်လို့ကောင်းသည့် စကားဦးများမှာ သူမ သူငယ်ချင်းတွေအကြောင်း စမေးခြင်းဖြစ်သည်။ “သူငယ်ချင်းတွေရော ရည်းစားထားကုန်ပြီလား” ဆိုတာမျိုးမေးပြီး ဒီအကြောင်းကို သူမဆက်ပြောချင်စိတ်ရှိမရှိသိရန် အမူအရာကို ကြည့်ပါ။ သူတို့နှင့်အတူ မျိုးပွားခြင်းဆိုင်ရာ စာတမ်းများကို ဖတ်တာမျိုး ကြည့်တာမျိုးလုပ်ပေးပါ။ သင်ရွေးချယ်လိုက်သည့် သင်ထောက်ကူပစ္စည်းသည် ပုံများဝေေ၀ဆာဆာနှင့် သူတို့နားလည်လွယ်ရပါမည်။
·        ကလေးက ဒီအကြောင်းကိုမပြောချင်ကြောင်း သိသိသာသာငြင်းနေလျှင် စိတ်ရှည်ရှည်ထားပြီး ဖြည်းဖြည်းချင်းပြောပေးသွားပါ။ အတင်းအကြပ် မပြောပါနှင့်။ အတင်းအကြပ်လုပ်လျှင် နောင်ဒီကိစ္စနှင့်ပတ်သတ်၍ ပြောရန် ရှောင်သွားပါလိမ့်မည်။
ဘယ်သူက ဆွေးနွေးပေးသင့်လဲ။ အဖေလား၊ အမေလား နှစ်ဦးစလုံးလား·        လူအများထင်ကြသည်မှာ အမေကသာ အသင့်တော်ဆုံးဟု ထင်ကြပါသည်။ များသောအားဖြင့် လူများသည် ဒီလိုအထိမခံသည့် ကိစ္စရပ်များကိုဆွေးနွေးရာတွင် လိင်တူသူနှင့် ဆွေးနွေးရသည်မှာ ပိုအဆင်ပြေစေပါသည်။ သို့သော် ဖခင်များကလည်း သမီးများနှင့် နီးနီးကပ်ကပ် ဆက်ဆံရေးရှိလျှင် ပြောပေးနိုင်ပါသည်။ တချို့အိမ်ထောင်စုများတွင် အဖေ အမေ တစ်လှည့်စီ ပြောပေးကြ၏။ ထို့ကြောင့် ဘယ်သူကပြောမည်ကို သင့်မိသားစုဆက်ဆံရေးပေါ်မူတည်ပြီး ဆုံးဖြတ်ပါ။
လက်ပေါက်ကပ်သည့်မေးခွန်းများအတွက် ဘယ်လိုပြင်ဆင်မလဲ·        ကလေးငယ်များသည် မစဉ်းစားပဲ မေးတတ်ကြသည်။ ထို့ကြောင့် သင်သတိလက်လွတ်ဖြစ်သွားနိုင်မည့် အချိန်များ ရှိလာနိုင်ပါသည်။ ကလေးများသည် “လိင်ဆိုတာဘာလဲ” “ပါးစပ်နဲ့ဆက်ဆံတယ်ဆိုတာ ဘာလဲ” စသည့် မေးခွန်းများမေးလာနိုင်ပြီး နားလည်လွယ်မည့်အဖြေကို သင့်ဆီမှ မျှော်လင့်ထားတတ်ကြပါသည်။
သင့်ကိုယ်သင် ပြန်ဖြေဖို့မပြင်ဆင်ရသေးပါက နောက်မှဖြေမည့်အကြောင်းကတိပေးကာ ထိုကတိကို တည်ပေးပါ။ အဖြေမဖြေဘဲ အသံတိတ်သွားတာမျိုးမလုပ်ပါနဲ့။ အသံတိတ်နေခြင်းက မပြောအပ်၊မလုပ်အပ်ခြင်းဟု သူတို့ထင်သွားပြီး သင့်ကိုနောက်ထပ်မေးတော့မည်မဟုတ်ပါ။
လိင်ပညာပေးထက် သင့်သမီးလေးက ဘာတွေကိုပိုသိထားသင့်သေးပါသလဲလိင်ဆက်ဆံခြင်းနှင့်ပတ်သတ်သည့် အသိပညာများကို သိထားပြီးနောက် ဆယ်ကျော်သက် မိန်းကလေးများကို သူတို့ကိုယ်သူတို့ကာကွယ်နိုင်ရန် လိင်စိတ်ခံယူမှုဆိုင်ရာ အချက်လက်များကိုပါ သိထားပေးသင့်သည်။
အသက် ၁၅ နှစ်အရွယ်သမီးပျိုတစ်ယောက်သည် ကောင်းမွန်သော ရည်းစားသနာ ဆက်ဆံရေး၊ ဆိုးဝါးသော ရည်းစားသနာ ဆက်ဆံရေးတို့ကို ခွဲခြားသိနိုင်သင့်ပြီဖြစ်ပြီး ဆက်ဆံရေးကို အလွဲသုံးစားသုံးသည့်လုပ်ရပ်များဖြစ်သော မုဒိန်းမှုကိုပါ သိထားသင့်သလို သားဆက်ခြားခြင်းအကြောင်း၊ လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများကိုပါ သိထားသင့်နေပါပြီ။


နောက်ဆုံးအနေနှင့် သင်က သူတို့၏အပြုအမူများအတွက် ဘောင်ကန့်သတ်ပေးပါ။ သူတို့ဘဝတွင် အမြဲပါဝင်ပတ်သက်ပေးရမည် ဖြစ်ပါသည်။


Comments