သားအိမ်ထဲပစ္စည်းထည့်ထားရင် လိင်ဆက်ဆံလို့ရပါ့မလား။


 သားဆက်ခြားတဲ့ နည်းလမ်းတွေအများကြီးရှိတဲ့ထဲကမှ သားအိမ်ထဲကို ပစ္စည်းထည့်တာကလည်း ရွေးချယ်စရာ တစ်ခုပါပဲ။ ရေရှည်ခံတယ်၊ သန္ဓေတားနှုန်း မြင့်တယ်၊ ထုတ်လိုက်တာနဲ့ ကလေးချက်ချင်းတန်းရနိုင်တယ်၊ ဟော်မုန်းမပါတာလည်း ရှိတဲ့အတွက် ဟော်မုန်းအပြောင်းအလဲဒဏ်လည်း ခံစရာမလိုဘူးဆိုတဲ့ အချက်ကြောင့် ရွေးချယ်လာကြတာပါ။

ဒါပေမယ့် ထူးထူးဆန်းဆန်း သားအိမ်ထဲပစ္စည်းထည့်ပြီးမှ လိင်ဆက်ဆံလို့ရပါ့မလားလို့ မေးလာကြတဲ့အခါ . . . . .

ရသလား မရဘူးလား။

ရိုးရိုးလေးပဲ စဉ်းစားကြည့်ရအောင်။ သန္ဓေတားတယ်ဆိုတာ အတူနေလို့ ကိုယ်ဝန်မရအောင် တားတာဟုတ်။ ဒါဆို တားတဲ့ပစ္စည်းထည့်ပြီးရင်လည်း စိတ်ချလက်ချ အတူနေလို့ရရမှာပါ။ ဒီလိုမှ မဟုတ်ရင်တော့ ဘာလို့ ထည့်ထားဦးမလဲ။ ထည့်လည်း အတူမနေရ၊ မထည့်လည်း ကိုယ်ဝန်ရမှာကြောက်လို့ အတူမနေရဆိုရင်။ ဟုတ်တယ်ဟုတ်။

ဒီတော့ တစ်ခွန်းတည်းပြောရရင် အတူနေလို့ရပါတယ်။ အန္တရာယ် မရှိပါဘူး။ ဒါပေမယ့် လူနာ (client)ကို အဲ့ဒီလို တုံးတိကြီး သွားဖြေရင် အဆင်မပြေပါဘူး။ သူတို့မှာလည်း သူတို့ စိတ်မှန်းနဲ့ စိုးရိမ်တာလေးတွေ (concern)တွေရှိတာပေါ့။ ဒီပြဿနာတွေကို ကြေလည်အောင် ဖြေရှင်းပေးရတာပါ။

သူတို့ဘာကို စိုးရိမ်ကြသလဲ။

  • သားအိမ်ပေါက်သွားမှာ

အတူနေလိုက်လို့ ဒီပစ္စည်းကြီးက သားအိမ်ကို ဆောင့်ပြီး ပေါက်သွားရင် ဘယ်လိုလုပ်မလဲဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ လက်တွေ့မှာတော့ အမျိုးသားအင်္ဂါက သားအိမ်ထဲထိ မရောက်သလို သန္ဓေတားပစ္စည်းရဲ့ ကြိုးလောက်ကိုပဲ ထိတာပါ။ သန္ဓေတားပစ္စည်းကိုတောင် မထိပါဘူး။ ပြီးတော့ သားအိမ်မှာလည်း ကြွက်သားတွေရှိတဲ့အတွက် ထင်သလောက် မပါးပါဘူး။ ဒါကြောင့် စိုးရိမ်သလိုမျိုး ပေါက်မထွက်နိုင်ပါဘူး။

  • ထွက်ကျသွားရင်ရော

သားအိမ်ထဲထည့်တဲ့ ပစ္စည်းက စထည့်ထည့် ပထမတစ်နှစ်မှာ ထွက်ကျနိုင်ခြေ ၅ ရာခိုင်နှုန်းရှိပါတယ်။ ဒါက ဘာနဲ့မှ မဆိုင်ဘဲ သူ့ဟာသူ ထွက်ကျတာပါ။ လူတိုင်းလည်း မဟုတ်ပါဘူး။ ၁၀၀မှာ ၅ယောက်ပါပဲ။ လိင်ဆက်ဆံတာ ဒါမှမဟုတ် လိင်ဆက်ဆံတာကို ရှောင်လိုက်တာက ဒီရာခိုင်နှုန်းကို အပြောင်းအလဲ မဖြစ်စေပါဘူး။

သားအိမ်ထဲမှာ ပစ္စည်းထည့်ထားရင်း လိင်ဆက်ဆံရင် ဘာဖြစ်တတ်သလဲ။

ကြီးကြီးမားမားတော့ မဖြစ်ပါဘူး။ စထည့်ထည့်ချင်းမှာ အတူနေရင် အသားမကျသေးတာကြောင့် ကသိကအောက်ဖြစ်တာ၊ စိတ်ထဲမှာ လန့်နေတာမျိုးတော့ ဖြစ်တတ်ပါတယ်။ နောက်ပိုင်း အသားကျသွားတဲ့အခါကျရင် ရှိလို့ရှိမှန်းတောင် မသိတော့ပါဘူး။

နောက်တစ်ခုက သွေးနည်းနည်းဆင်းတတ်ပါတယ်။ လူတိုင်းတော့မဟုတ်ပါဘူး။ အထူးသဖြင့် ဟော်မုန်းပါတဲ့ အမျိုးအစားတွေမှာပေါ့။ ဒီဟော်မုန်းတွေက သန္ဓသားတွယ်ကပ်မယ့် သားအိမ်အတွင်းသားကို ပါးစေတဲ့ နည်းလမ်းနဲ့ ကိုယ်ဝန်မရအောင် တားပေးတာပါ။

ရာသီလာတဲ့အချိန်မှာ ရာသီသွေးဆင်းပြီး သွေးနည်းနည်းကျန်တတ်တဲ့အတွက် (ဒါဟာ သဘာဝပါ) အတူနေတဲ့အချိန် အမျိုးသမီး ပြီးမြောက်တဲ့အခါ သားအိမ်ညှစ်အားကြောင့် နည်းနည်းဆင်းတတ်ပါတယ်။ သွေးဆင်းတာ နည်းတယ်၊ ကိုက်တာ ခဲတာမရှိဘူးဆိုရင် စိုးရိမ်စရာ မလိုပါဘူး။

ကောင်းတာကတော့ အတူနေပြီးလို့ သားအိမ်ထဲထည့်ထားတဲ့ပစ္စည်း ထွက်သွားမှာ စိုးရိမ်တယ်ဆိုရင် အတူနေပြီးတိုင်း ကြိုးစကို စမ်းကြည့်ပါ။ ကြိုးစရှိနေရင် ပြဿနာ မရှိပါဘူး။ ရာသီလာပြီးတိုင်းမှလည်း စစ်ဆေးတဲ့ အလေ့အကျင့်လေး လုပ်ထားပေးပါ။

ကြိုးစမတွေ့တော့တာဖြစ်ဖြစ်၊ အတူနေရင် သွေးဆင်းများပြီး ကိုက်တာ ခဲတာ ရှိတယ်ဆိုရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသလိုက်တာ ကောင်းပါတယ်။

သားအိမ်ထဲပစ္စည်းထည့်တာက စိတ်ချရတဲ့ သန္ဓေတားနည်းတစ်ခုပါပဲ။ ဒီဟာထည့်ထားရင် ကိုယ်ဝန်ရနိုင်ခြေ တော်တော်နည်းသွားလို့ စိတ်ချ လက်ချ အပူအပင်ကင်းကင်းနဲ့ လွတ်လွတ်လပ်လပ် အတူနေနိုင်တယ်ဆိုတာ သိစေချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn | ရေးသားသူ Dr. Htet Htet Zaw Win

Hello Sayarwon


Comments