မျှော်တော်ယောင်

 


သူ့အလိုကို လိုက်မိသည်မှာ မှားပြီလားမသိ။ နွယ်နွယ်လင်းတစ်ယောက် ရင်မောနေရပြီ။

”မျှော်တော်ယောင် မျှော်တော်ယောင် မျှော်တော်ယောင် ဘဝက ကျွတ်ချင်ပြီ။”

အိမ်ရှေ့ ဧည့်ခန်းဆီမှ သီချင်းစာသား များကား နွယ်နွယ်လင်းတစ်ယောက်ကို စောင်းမြောင်းဆိုနေသည်ဟု ထင်ရသည်။ သူလည်းမျှော်တော်ယောင် ဖြစ်နေသည်မှာ ကြာလှပြီ။ ခုချိန်ထိ မပေါ်သေးဆိုတော့ စိတ်ထဲ နည်းနည်းတော့ စိုးရိမ်မိသည်။  ကိုကို့အလိုကို လိုက်မိသည်မှာ မှားပြီလားဟုလည်း ကြောက်နေမိသည်။ စိုးရိမ်စိတ်တို့က စိုးမိုးနေသဖြင့် နွယ်နွယ်လင်း တစ်ယောက် မျက်နှာလေး ငြိုးနေသည်။ အိမ် က အမေ ရိပ်မိသွားမှာကိုလည်း စိုးရိမ်သည်။  မတော် လို့များ ကိုယ်ဝန်ရှိသွားခဲ့လျှင် ဆိုတာကိုလည်း ပူပန်နေမိသည်။

ကိုကို က ဆီးစစ်ကြည့်ခိုင်းသည်။ အိမ်တွင် တစ်ယောက်တည်း ရှိတုန်း စစ်ကြည့်ခိုင်းသည်။

သွားဝယ်ရမှာကို နွယ်နွယ်လင်း တစ်ယောက် လန့်နေသည်။ ရပ်ကွက်ထဲတွင် လည်း ဝယ်လို့မဖြစ်။ ကျောင်းတွေကလည်း ပိတ်ထားသည်ဆိုတော့ အခုတလော  အိမ်အ ပြင် ပေးထွက်သည်လည်း မဟုတ်။  တစ်ယောက် ထဲ သွားဝယ်လို့လည်း မဖြစ်။ မြို့ထဲ သို့လည်း အိမ်က မပါပဲ မသွားရ။ ရည်းစားထားသည်ကို သိပြီးကတည်း က နွယ်နွယ်လင်း တစ်ယောက် ကို မိဘများက လည်း အမြဲ အရိပ်တကြည့်ကြည့်ဖြစ်နေသည်။  အဖော်မပါပဲလည်း အိမ်ထဲက ပေးမထွက်။ ကိုကိုနှင့် တွေ့ဖို့ကလည်း ကျောင်းပြန်ဖွင့်မှပဲ တွေ့ရမည်ဖြစ်သည်။

ကျောင်းမပိတ်ခင် ကိုကိုနှင့် မခွဲခင် ကိုကို က သူ့အလိုကို လိုက်ပါဆိုလို့ ကိုကို့အလိုကို လိုက်မိတာ မှားပြီလားလို့  စိတ်ထဲ စိုးရိမ်နေမိသည်။ ကိုကိုတိုက်သော ဆေးကို သောက်ထားသော်လည်း ဒီလိုမျိုး ဆေးတွေက သောက်ပြီးရင် စိတ်မှ ချရရဲ့လားလို့စိုးရိမ်နေမိသည်။ ရာသီသွေးမလာတာ တစ်လကျော်နေပြီ။ ကိုယ်ဝန်များရှိနေပြီလား ဟု စိုးရိမ်စိတ်တို့က ကြီးစိုးနေသည်။ ဆီးစစ်ကြည့်ရအောင်ကလည်း သွားဝယ်ဖို့ရာ အခြေအနေမပေး။

ကျောင်းပိတ်ရက် နှစ်လ လုံးလုံး နွယ်နွယ်လင်းတစ်ယောက် စိုးရိမ်စိတ်တို့နှင့် ကုန်ဆုံးနေသည်။

” သူများ ပျော်လို့ မပျော်နိုင် ရည်းစားပျောက်လို့ မှိုင်  ” ဟု သင်္ကြန်တွင်း ကလေးများ၏   သီချင်း သံက နွယ်နွယ်လင်း ကို စောင်းမြောင်း သီဆိုနေသည်ဟု နွယ်နွယ်လင်း တစ်ယောက်ထင်နေသည်။ ကိုကို နှင့် ကျောင်းပြန်ဖွင့်မှ တိုင်ပင်ရမည်။ ငယ်ငယ်ကတော့ ကျောင်းပိတ်ရက် ကုန်ဆုံးမှာကို စိုးရိမ်ခဲ့ပေမဲ့ အခုအခါမှာတော့ ကျောင်းဖွင့်ရက်ကို စောင့်ရသည်မှာ လူမော စိတ်မောလှသည်ဟု ထင်နေသည်။

ကျောင်းပြန်ဖွင့်မည့် မနက်တွင် နွယ်နွယ်လင်းတစ်ယောက် မနက် အစောကြီးကတည်းက သွားဖို့ပြင်နေသည်။ အမေ က မျက်စောင်းထိုးသည်။ အမေ့ အကြည့်တို့ကို ရှောင်လွဲကာ ကျောင်းသို့ ကမန်းကတန်း ထွက်ခဲ့သည်။ ကျောင်းသို့ရောက်ရောက်ခြင်း ကိုကို ဆီမှ ဆီးစစ်တံကို ယူကာ  အိမ်သာထဲသို့ အမြန်ပြေးဝင်ခဲ့သည်။ ကိုကို က မလှမ်းမကမ်းမှ စောင့်နေရင်း။ ပြီးတာနှင့် အမြန်အပြင်သို့ ပြန်ထွက်လာခဲ့သည်။

” အဖြေဘာလဲ ” ကိုကို က စိုးရိမ်တကြီးမေးသည်။

”  တစ်ကြောင်းထဲပေါ်တယ် ကိုကို ”

“သေချာရဲ့လား။ ”

“သေချာပါတယ်  ”

” ရာသီမလာတာ ဘယ်နှစ်လရှိပြီလဲ။ ”

”  နှစ်လရှိပြီ။ ”

”  အရင်က ဒီလိုမျိုးဖြစ်ဖူးလား ”

” မဖြစ်ဖူးဘူး။ ဒီတစ်ခါပဲ ဖြစ်ဖူးတာ။ ” နွယ်နွယ်လင်း တစ်ယောက် မျက်နှာငယ်လေးနှင့် ပြန်ပြောမိသည်။

” ကိုယ် ကလည်း ဆီးစစ်တံကို တစ်ခုပဲ ဝယ်ခဲ့မိတယ်။  နောက် တစ်ခု ထပ်သွားဝယ်ခဲ့ဦးမယ်။ ခဏ စောင့်နေနော် ” ကိုကိုတစ်ယောက် ကျောင်းထဲမှ အပြင်ပြန်ထွက်သွားသည်ကို နွယ်နွယ်လင်း တစ်ယောက်ရင်မောစွာ စောင့်နေမိသည်။   အတန်းချိန် မတက်ပဲ ကိုကို ကို့သာ စောင့်နေမိသည်။

ကိုကို ပြန်လာတော့ နောက်တစ်ကြိမ် ဆီးထပ်စစ်ကြည့်သည်။  ဆီးစစ်တံတွင် တစ်ကြောင်းထဲ ပေါ်နေသည့်အတွက် ကိုကိုနှင့် နှစ်ယောက် ဝေခွဲမရဖြစ်နေမိသည်။

” ဆေးခန်းသွားပြမလား ” ကိုကို က နွယ်နွယ်လင်းကို မေးသည်။

” ဆေးခန်းသွားပြရမှာ ရှက်တယ် ကိုကို ” နွယ်နွယ်လင်း တစ်ယောက်  ဆေးခန်းလည်း သွားမပြချင်ပါ။

” ကိုယ်မသိတဲ့ ဆေးခန်းကို သွားပြမှာပဲလေ။ ဘယ်သူသိမှာ မှတ်လို့လဲ။ ဒီလိုမျိုးကြီး စိုးရိမ် နေလို့ လည်း ကိုယ်တို့စိတ်ပူနေတာတွေ ပြီးသွားမှာ မှ မဟုတ်ပဲ ”

နွယ်နွယ်လင်းတို့ နှစ်ယောက် နီးစပ်ရာဆေးခန်းတစ်ခုသို့ ဝင်ပြကြသည်။ ဆရာဝန်မလေး က အသက်ငယ်ငယ်နှင့် မို့ စိုးရိမ်စိတ်တို့ သက်သာရာရသည်။  နွယ်နွယ်လင်းတို့နှစ်ယောက်ကို ကြည့်ရင်း

”   ဆီးလေး ခံပေးပါလား ဆီးစစ်ကြည့်ချင်လို့ပါ” ဟု ပြောသည်။ နွယ်နွယ်လင်းလည်းနောက်တစ်ကြိမ် ထပ်စစ်ကြည့်ချင်သည်နှင့်  ထပ်စစ်ကြည့်လိုက်သည်။ ဆီးစစ်ကြည့်တော့လည်း ကိုယ်ဝန်က မရှိပါ။

” ရာသီမလာတာ ၂ လကျော်နေပြီနော်။ ဆီးစစ်ကြည့်တာတော့ ကိုယ်ဝန်မရှိပါဘူး။ ဘာဆေးတွေများ သောက်မိသေးလဲ ” ဆရာဝန်မလေးက အသက်ငယ်သည့်အတွက်  ရဲရဲတင်းတင်းပြောရဲသည်။

”  အတူနေပြီးတော့ emergency oral contraceptive pill သောက်မိတယ်” နွယ်နွယ်လင်း တစ်ယောက် ပွင့်ပွင့်လင်းလင်း ဝင်ခံလိုက်သည်။

” ဒီလိုမျိုး ဆေးသောက်ပြီးရင်လည်း ရာသီ ထိန်တာတွေ နောက်ကျတာတွေရှိတတ်တယ်။ ဆေးအရှိန်ကြောင့် ရာသီမလာတာပါ။ နောက်တစ်ချက်က အမျိုးသမီးတွေမှာ စိတ်ခံစားမှုက မီးယပ်ပေါ်မှာ သိပ်ပြီး လွှမ်းမိုးပါတယ်။ မလာလို့ စိတ်ပူလေ သူက မလာလေ ဖြစ်တတ်ပါတယ်။ စိတ်အေးအေးထားပြီး စောင့်ပါ။ စိတ်သက်သာရာရသွားရင် သူက ပြန်လာတတ်ပါတယ်။ ကျွန် မ အား ဆေး ပေးလိုက်ပါမယ်။ အားဆေး သောက်ပြီး စိတ်ရှည်ရှည်နဲ့စောင့်ပါ ။ အဆင် ပြေပါလိမ့်မယ်  ”

နွယ်နွယ်လင်း တစ်ယောက် ဆေးခန်းမှ ပြန်လာတော့ စိတ်ထဲတွင် လွတ်လပ်ပေါ့ပါးနေသည်။ ကိုယ်ဝန် မဟုတ်ဟု ပြောသောကြောင့် စိုးရိမ်စိတ်တို့လွင့်ပါးသွားသည်။  ညနေ ကျောင်းက ပြန်လာသော နွယ်နွယ်လင်းကို အမေက အကဲခတ်နေသည်။ နွယ်နွယ်လင်း တစ်ယောက် အခန်းထဲသို့ အသာဝင်နေလိုက်သည်။ နောက် တစ်ရက်နှစ်ရက်လောက်နေတော့ နွယ်နွယ်လင်း တစ်ယောက် ရာသီပန်းပြန်ပွင့်သည်။ ကိုကို ကို့ ဖုန်းဆက်ပြောတော့ ကိုကိုလည်း ပျော်နေသည်။

ကျောင်းပြန်ဖွင့်တော့ နွယ်နွယ်လင်း တစ်ယောက် ပိန်သွားသည်ဟု သူငယ်ချင်းများ က ပြောကြသည်။ ကိုယ့်အကြောင်းနှင့် ကိုယ်မို့ အသာငြိမ်နေလိုက်သည်။ စိတ်ထောင်းလို့ ကိုယ်ကြေ။ စိတ်ပူပန်မှုများသည်နှင့် ပိန်သွားသည်ကို မည်သူ့မှ ဖွင့် ဟပြောမနေတော့ပေ။   မှန်ရှေ့တွင်ရပ်ကာ ပွယောင်းယောင်း ဖြစ်နေသော အင်္ကျီကို ကြည့်ရင်း နွယ်နွယ်လင်းတစ်ယောက် ဘယ်တော့မှ ဒီလိုဆေးမျိုး မသောက်တော့ဟု စိတ်ထဲတွင် ဆုံးဖြတ်ချက် ခိုင်မာစွာချလိုက်သည်။

Author : Dr. အေးချမ်းမိုး


မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။

Comments