ဘာလို့သင်းကွပ်ကြတာလဲ


သင်းကွပ်တယ်ဆိုတာဟာ ကယ်ပယ်အိတ်ထဲမှာရှိတဲ့ ဝှေးစေ့နှစ်လုံးကို ဖယ်ရှားတာ သို့မဟုတ် ဖျက်ဆီးပစ်တာဖြစ်ပါတယ်။

လိင်တံ (Penis) ကိုတော့ ချန်ခဲ့လေ့ရှိပါတယ်။

လူတွေမှာလည်း လုပ်နိုင်သလို တိရစ္ဆာန်တွေမှာလည်း လုပ်နိုင်ပါတယ်။

လူတွေသင်းကွပ်တာကို Castration သို့မဟုတ် orchidectomy လို့ ခေါ်ပါတယ်။ တိရိစ္ဆာန်တွေသင်းကွပ်တာကိုတော့ Neutering လို့ခေါ်ပါတယ်။

လူအမျိုးသားတွေကို သင်းကွပ်ခြင်းဟာ ရှေးယခင်ကတည်းရှိခဲ့တာပါ။

ရှေးဘုရင်တွေလက်ထက် မိဖုရား၊ မောင်းမတွေအနားမှာ ခစားစောင့်ရှောက်ရတဲ့ အမျိုးသားတွေဟာ သင်းကွပ်ခြင်းခံကြရပါတယ်။

သင်းကွပ်ပြီးတဲ့ အမျိုးသားတွေကိုပဲ မိဖုရား၊ မောင်းမတွေအနားမှာ စောင့်ရှောက်စေပါတယ်။ (ဥပမာပြောရရင် တရုတ်ကားတွေထဲက ကုန်းကုန်းတွေပါ)

ဘာဖြစ်လို့လဲဆိုတော့ သင်းကွပ်မထားတဲ့ အမျိုးသားတွေကို မိဖုရား၊ မောင်းမတွေအနားမှာထားရင် ငြိစွန်းကုန်မှာ စိုးတဲ့အတွက်ကြောင့်ပါ။

(ဒီနေရာမှာ စာဖတ်ပရိသတ်တချို့အနေနဲ့မေးစရာရှိတာက ဆရာပြောသလို သင်းကွပ်တဲ့အခါ ဝှေးစေ့တွေကိုပဲ ဖယ်ရှားဖျက်စီးပြီး လိင်တံကိုချန်ခဲ့တော့ ကုန်းကုန်းတွေဟာ အခွင့်အရေးရရင် မိဖုရား၊ မောင်းမတွေနဲ့ ဟိုဒင်းဟိုဟာပြုလိုရတာမျိုး ဖြစ်နိုင်သေးတယ်မဟုတ်ဘူးလား။

ဟိုဒင်းဟိုဟာပြုမရအောင် လိင်တံကိုပါ တခါတည်းဖယ်ပစ်လိုက်ရင် ပိုစိတ်မချရဘူးလား လို့ မေးစရာရှိနိုင်ပါတယ်။ အဲ့အဖြေကိုသိချင်ရင် အောက်ထိဆက်ဖတ်ပေးပါ။)

ထို့အတူ တချို့စစ်ပွဲတွေမှာ စစ်နိုင်တဲ့ဖက်မှ စစ်ရှုံးတဲ့ဖက်က အမျိုးသားစစ်သည်အချို့ကို သင်းကွပ်ပစ်တာ မျိုးတွေလည်းရှိခဲ့သလို ကျွန်ပိုင်ရှင်တချို့က တချို့ကျွန်တွေကို ပြန်မတော်လှန်နိုင်အောင် သင်းကွပ်ပစ်တာမျိုးလည်းရှိခဲ့ပါတယ်။

ဒါ့အပြင် တချို့ ဘာသာရေးအရ သင်းကွပ်တာမျိုးတွေလည်းရှိပါတယ်။

ခုခေတ်မှာတော့ ဘုရင်စနစ၊် ကျွန်စနစ်လည်း မရှိတော့တဲ့အပြင် လူ့အခွင့်အရေးတွေလည်း များလာတာကြောင့် အဲ့လိုအကြောင်းတွေကြောင့် သင်းကွပ်တာမျိုးတွေ မရှိတော့ပါဘူး။

ခုခေတ်မှာ သင်းကွပ်ခြင်း (Castration) ကို ဝှေးစေ့ကင်ဆာဖြစ်တဲ့ သူတွေ၊ ဆီးကျိတ်ကင်ဆာဖြစ်တဲ့ သူတွေ၊ ဂွကြားမီးလောင်ဒဏ်ရာ ပြင်းထန်တဲ့သူတွေ၊ ဂွကြားပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရတဲ့သူတွေ၊ တချို့မိန်းမလျာတွေ၊ လိင်ပိုင်းဆိုင်ရာစိတ္တဇရှိပြီး လိင်စိတ်တအားလွန်ကဲလို့ ကုသမှုခံယူချင်တဲ့သူတွေမှာ လုပ်လေ့ရှိပါတယ်။

ဒါ့အပြင် အမေရိကန်၊ အင်ဒိုနီးရှားစတဲ့ နိုင်ငံအချို့မှာ သက်ငယ်မုဒိန်းကျူးလွန်တဲ့သူတွေကို အပြစ်ပေးတဲ့အနေနဲ့ သုံးတာမျိုးရှိပါတယ်။

သို့သော် နိုင်ငံအတော်များများမှာတော့ ဥပဒေအရ အတည်ပြုခြင်းမရှိသေးဘဲ သက်ငယ်မုဒိန်းကျူးလွန်တဲ့သူတွေကို အပြစ်ပေးရာမှာ သုံးသင့်မသုံးသင့်ကို ဆွေးနွေးငြင်းခုန်နေကြဆဲပါ။

ခုခေတ် သင်းကွပ်ခြင်းလုပ်ရာမှာ Physical method နဲ့ Chemical method ဆိုပြီး နှစ်မျိုးရှိပါတယ်။

Physical method ဆိုတာကတော့ မေ့ဆေး၊ ထုံဆေး သုံးကာ ခွဲစိတ်ပြီး ဝှေးစေ့နှစ်လုံးကို ထုတ်တာပါ။

Chemical method ကတော့ ဝှေးစေ့နှစ်လုံးကို ဖယ်ရှားပစ်တာမျိုးမရှိဘဲ ဆေးဝါးတွေကို နှစ်ချီသုံးပြီး ဝှေးစေ့နှစ်လုံးရဲ့အစွမ်းကို မဲ့အောင် (Testosterone ကျားဟော်မုန်းမထွက်အောင်)
လုပ်တာဖြစ်ပါတယ်။

ခွဲစိတ်ပြီး ဝှေးစေ့နှစ်လုံးထုတ်လိုက်တာ (Physical method) ကတော့ တသက်လုံး လုံး၀ ကလေးမရနိုင်တော့ပါဘူး။

ဆေးဝါးသုံးပြီး ဝှေးစေ့နှစ်လုံးအစွမ်းကို မဲ့အောင် လုပ်တာ (Chemical method) ကတော့ ကလေးရနိုင်ခြေ အနည်းငယ်ရှိပါသေးတယ်။

ဘယ်နည်းနဲ့ပဲ သင်းကွပ်ကွပ် သင်းကွပ်ခြင်းဟာ ကိုယ်တွင်းကျားဟော်မုန်းပမာဏကို သိသာစွာလျော့နည်းစေတဲ့အတွက် သင်းကွပ်ပြီးပါက

– လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် သိသာစွာကျဆင်းတာ၊ လုံးဝမစွမ်းဆောင်နိုင်တော့တာ

– လိင်စိတ်ဖြစ်ပေါ်မှု တအားနည်းသွားတာ၊ လုံးဝမရှိတော့တာ

– သုတ်ရည်မထွက်တော့တာ သို့မဟုတ် အနည်းငယ်ပဲထွက်တော့တာ

– ပန်းသေပန်းညိုးဖြစ်တာတွေကို ဖြစ်စေပါတယ်။

(ဒါဟာ ကုန်းကုန်းတွေမှာ လိင်တံရှိနေပေမယ့်လည်း ဘာလို့မိဖုရား၊ မောင်းမတွေအနားမှာ ထားရဲရလဲဆိုတဲ့ မေးခွန်းရဲ့အဖြေပဲဖြစ်ပါတယ်။

ဝှေးစေ့နှစ်လုံးကို ဖျက်စီးဖယ်ရှားလိုက်ရင် လိင်တံဆိုတာဟာရှိနေပေမယ့်လည်း တောင်မတ်နိုင်စွမ်းမရှိတော့ဘဲ ပျော့ဖတ်သွားပြီး ဆီးသွားဖို့အတွက်ပဲ အသုံးကျတော့တာပါ။

အသေးစိတ်ထပ်ပြောရရင် ရှေးခေတ်တရုတ်ဘုရင်တွေအနေနဲ့ စာဖတ်ပရိသတ်တွေတွေးမိတဲ့အတိုင်း သင်းကွပ်တဲ့အခါ လိင်တံကိုပါ ဖြတ်တောက်လိုက်တာဟာ ပိုစိတ်ချရမယ်လို့ တွေးမိကြပြီး သင်းကွပ်တဲ့အခါ လိင်တံကိုပါဖြတ်တောက်ပစ်တာမျိုးကို လုပ်ကြည့်ခဲ့ဖူးပါတယ်။

အဲ့အခါမှာ သွေးထွက်တာအရမ်းများပြီး သွေးထွက်လွန်ကာ လုပ်တဲ့သူတိုင်း အကုန် သေဆုံးကုန်ကြပါတယ်။ ခုခေတ်လို ဆေးဝါးနည်းပညာတွေမရှိသေးတဲ့အတွက် သွေးထွက်လွန်တာကို ထိန်းလို့မရပါဘူး။

ဒါကြောင့် ရှေးခေတ်က ဘုရင်တွေအနေနဲ့ မတတ်သာတဲ့အဆုံး ကုန်းကုန်းတွေကို လိင်တံကိုချန်ထားပြီးပဲ သင်းကွပ်ကြတာပါ)

သင်းကွပ်ခြင်းကြောင့် အရိုးပွလာတာ၊ ကြွက်သားထုလျော့နည်းတာ၊ အမျိုးသမီးတွေ သွေးဆုံးခါနီးမှာခံစားရသလို ဖိန်းတိန်းရှိန်းတိန်းဖြစ်တာ၊ ညဘက်ချွေးထွက်တာ၊ စိတ်ဓါတ်ကျတာ၊ ရန်လိုစိတ်နည်းတာ၊ သတ္တိနည်းသွားတာ၊ သွေးအားနည်းတာ၊ အမျိုးသားတန်မဲ့ရင်သားကြီးလာတာ၊ ရင်သားတွေနာတာ စတဲ့ဆိုးကျိုးတွေကိုလည်းခံစားရနိုင်ပါတယ်။

အထူးသဖြင့် ဆေးဝါးတွေကို သုံးပြီးသင်းကွပ်ခြင်း (Chemical castration) မှာ ဒီလိုဆိုးကျိုးတွေ ပိုခံစားရတတ်ပါတယ်။

တကယ်လို့ လူပျိုဖော်မဝင်ခင်မှာ သင်းကွပ်ခံရပါက လိင်အင်္ဂါအရွယ်အစားက လူစဉ်မှီလောက်အောင် ဖွံ့ဖြိုးလာခြင်းမရှိတော့တာ၊ အသံကလည်းပြောင်းလဲခြင်းမရှိတော့ဘဲ အမျိုးသမီးအသံလို စူးရှရှဖြစ်ကျန်ခဲ့တာ၊ ခန္ဓာကိုယ်ဖွဲ့စည်းပုံအနေနဲ့လည်း အမျိုးသားတဦးမှာရှိသင့်တဲ့ ကြွက်သားထုရှိမလာတော့တာ၊ အမွှေးအမျှင်ပေါက်ရာမှာလည်း အမျိုးသားတဦးမှာရှိသင့်တဲ့ ပုံစံတွေမဖြစ်လာတော့တာ မျိုးတွေကို ခံစားရနိုင်ပါတယ်။

သင်းကွပ်ခြင်းခံရပါက ဆိုးကျိုးတွေချည်းပဲ ခံစားရတာတော့မဟုတ်ပါဘူး။ ကောင်းကျိုးတွေလည်းရှိပါတယ်။

သင်းကွပ်လိုက်ပါက

– ဝှေးစေ့ကင်ဆာဖြစ်နိုင်ခြေမရှိတော့ခြင်း

– ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ လျော့နည်းခြင်း

– အမျက်ဒေါသလျော့နည်းလာခြင်း

– ရန်လိုစိတ်နည်းပါးလာခြင်း

– အသားအရေစိုပြည်ကာ ဝဖြိုးလာခြင်း

– အထူးသဖြင့် ပူအိုက်တဲ့အချိန်တွေမှာဆိုရင် ပေါင်ကြားမှာ တွဲလောင်းကျနေတဲ့အရာမရှိတော့တဲ့အတွက် သက်တောင့်သက်တာရှိကာ ထိုင်ရ၊ ထရ၊ လှုပ်ရှားရတာတွေမှာ ပေါ့ပါးသွက်လက်နေခြင်း စတဲ့ကောင်းကျိုးတွေကိုရနိုင်ပါတယ်။

ဒါ့အပြင် လေ့လာမှုသုတေသနတွေအရ သင်းကွပ်ခြင်းဟာ သင့်ရဲ့သက်တမ်းကို ၁၀ နှစ်မှ ၁၅ နှစ်အထိ ပိုအသက်ရှည်စေနိုင်ကြောင်းသိရပါတယ်။

Dr 528



 

Comments