မိန်းမကိုယ်ခြောက်သွေ့ခြင်းရဲ့ တရားခံ



ကျန်းမာတဲ့ မိန်းမကိုယ်ရဲ့ အပြင်ဘက်မှာ စွတ်စိုမှု အနည်းငယ်တော့ ရှိနိုင်ပါတယ်။ ဒီလိုစွတ်စိုမှသာ မိန်းမကိုယ် ယားယံတာမျိုး မဖြစ်မှာပါ။ ဒါ့အပြင် ချောဆီအဖြစ်နဲ့ လိင်ဆက်ဆံနေစဉ် ပွန်းပဲ့ထိခိုက်ခြင်း မဖြစ်အောင်၊ သုက်ပိုးများကို မိန်းမကိုယ်တွင်း အချိန်ကြာမြင့်စွာ ရှင်သန်စေပြီး မျိုးအောင်စေဖို့လည်း ကူညီပေးပါတယ်။ ဒါကြောင့် မိန်းမကိုယ် ကျန်းမာရေးနဲ့ ပတ်သက်လာရင် မခြောက်လွန်း၊ မစိုလွန်းတဲ့ pH7 ပမာဏကို ထိန်းဖို့ လိုတယ်လို့ ပြောရခြင်း ဖြစ်ပါတယ်။

ဘယ်လို အခြေအနေတွေဟာ မိန်းမကိုယ် ခြောက်သွေ့ခြင်းကို ဖြစ်စေနိုင်လဲ။

အမျိုးသမီးများတွင် အက်စထရိုဂျင် (Estrogen) လို့ ခေါ်တဲ့ မဟော်မုန်း နည်းလာခြင်းဟာ မိန်းမကိုယ် ခြောက်သွေ့စေတဲ့ အဓိက တရားခံလို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့်

• ကိုယ်ဝန်ဆောင်နေစဉ်
• ကလေးမွေးပြီးစဉ်
• မိခင်နို့တိုက်စဉ်
• သွေးဆုံးခြင်း
• စိတ်ကျရောဂါ ဖြစ်နေစဉ်
• ဆေးလိပ်၊ အရက် သောက်သုံးခြင်း
• စိတ်ဖိစီးမှု များခြင်း
• လေ့ကျင့်ခန်းကို အပြင်းအထန် လုပ်ခြင်း
• ကိုယ်ခံအားစနစ် ဖောက်လွဲဖောက်ပြန် ဖြစ်တဲ့ ရောဂါ
• ကင်ဆာကုထုံး
• ကင်ဆာ ဆေးသွင်းခြင်း
• မမျိုးဥအိမ်ကို ခွဲစိတ်ဖယ်ရှားခြင်း စတဲ့ အခြေအနေတွေမှာ မဟော်မုန်း ပမာဏ အလွန်နည်းသွားပြီး မိန်းမကိုယ် ခြောက်သွေ့ခြင်းကို ဖြစ်စေနိုင်ပါတယ်။

မိန်းမကိုယ် ခြောက်သွေ့ခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေက ဘာတွေလဲ။

မိန်းမကိုယ်ရဲ့ စိုထိုင်းမှုမျှခြေ ပျက်ယွင်းပြီး ခြောက်သွေ့လာတဲ့အခါ

• ဆီးစပ်တွင်း ပူစပ်ပူလောင် ဖြစ်ခြင်း
• နာကျင်မှုကြောင့် လိင်ဆက်ဆံရန် စိတ်မပါတော့ခြင်း
• လိင်ဆက်ဆံနေစဉ် အလွန်အမင်း နာကျင်ခြင်း၊ သွေးထွက်ခြင်း
• မိန်းမကိုယ် ရောင်ရမ်းခြင်း
• ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ ပိုးဝင်ဖူးသူတွေဆိုရင် နောက်တစ်ကြိမ် ထပ်ဖြစ်ခြင်း
• မိန်းမကိုယ် ယားယံခြင်း၊ အသားထဲက ဆူးစူးနေသလို ခံစားရခြင်း စတဲ့ ပြဿနာတွေ ကြုံလာရနိုင်ပါတယ်။

ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ သွားပြသင့်လဲ။

အချိန်တော်တော် ကြာမြင့်သည်အထိ ပုံမှန်အတိုင်း စိုစွတ်မှု မရှိသေးဘူးဆိုရင်တော့ အမျိုးသမီးရောဂါ အထူးကုဆရာဝန်နဲ့ သေချာပြသကြည့်သင့်ပါတယ်။ ဆရာဝန်အနေနဲ့ လူနာရဲ့ ကျန်းမာရေး အခြေအနေ၊ နောက်ကြောင်း ရာဇဝင်၊ ရာသီသွေး ပုံမှန်ဆင်းခြင်း ရှိမရှိ၊ ဖြစ်နေတဲ့ ရောဂါလက္ခဏာတွေကို မေးမြန်းပြီးတဲ့အခါ မဟော်မုန်း အစားထိုး ကုထုံးဖြင့် ကုသမှုခံယူဖို့ အကြံပေးပါလိမ့်မယ်။

မဟော်မုန်း အစားထိုးကုထုံးနဲ့ ကုသမှု မခံယူဘူးဆိုရင်လည်း တခြားကုထုံးတွေအနေနဲ့ ဟော်မုန်း ဆေးသောက်ခြင်း၊ ဆေးဆိုင်ကနေ ခြောက်သွေ့တဲ့ မိန်းမကိုယ်ကို ကုသဖို့ ချောဆီ၊ အစိုဓာတ်ထိန်း ခရင်မ်တွေကို လိမ်းပေးလို့ ရပါတယ်။ ရေချိုးတဲ့အခါမှာလည်း pH မျှခြေကို ထိန်းပေးဖို့ မိန်းမကိုယ် သန့်စင်ဆေးရည်ကို အသုံးပြုပြီး သေချာ ဆေးကြောပေးနိုင်ရင် ပျောက်ဖို့ ပိုလွယ်ပါတယ်။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Ye Myo Myat


မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။

မျိုးဆက်ပွားကျန်းမာရေး ပို့စ်များကို Application မှာစုစည်းထားပေးလို့ အလွယ်တကူဖတ်ရှုနိုင်ပြီ။ အောက်ပါ link မှာ Download ဆွဲပြီး Install ပြုလုပ်နိုင်ပါသည်။

http://bit.ly/2kyts4o



Comments