အလွှာခြားတာ ပြဿနာတစ်ခုလား?



အမျိုးသားနှင့် အမျိုးသမီးအရွယ်ရောက်လို့ လိင်ဆက်ဆံကြတဲ့အခါ တစ်ချို့က အလွှာခြားတာတောင်
မခံချင်ဘူးဆိုတဲ့ အကြောင်းပြချက်နှင့် ကွန်ဒုံးသုံးတာကို ငြင်းပယ်တတ်ကြပါတယ်။ အမှန်တကယ်က
အလွှာခြားတာက ပြဿနာမဟုတ်ပါဘူး။ အလွှာမခြားလိုက်မှသာ ပြဿနာတစ်သီတစ်တန်းကြီး
ပါလာနိုင်တာပါ။ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးသုံးတာက ရှက်စရာတစ်ခုမဟုတ်ပါဘူး။ မိမိ
လိင်ဆက်ဆံဖော်ရဲ့
နောက်ကြောင်းရာဇဝင်ကို သေချာမသိဘူး၊ စိတ်မချရဘူး ဆိုရင် ကွန်ဒုံးကို သုံးကိုသုံးသင့်ပါတယ်။
ကွန်ဒုံးသုံးခြင်းအားဖြင့် ကိုယ်ဝန်မရအောင် ၉၆ရာခိုင်နှုန်းထိကာကွယ်ပေးရုံသာမက
လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါကူးစက်မှုကိုလည်း ၉၉ရာခိုင်နှုန်းထိကာကွယ်ပေးနိုင်ပါတယ်။

လိင်ဆက်ဆံတိုင်းကွန်ဒုံးသုံးရမှာလား?
မိမိဟာ တစ်လင်တစ်မယားစနစ် ကျင့်သုံးနေသူမဟုတ်ဘူး၊ မိမိရဲ့ လိင်ဆက်ဆံဖော်ရဲ့
နောက်ကြောင်းရာဇဝင် ကိုသေချာဂဃနဏ မသိဘူးဆိုရင်တော့ လိင်ဆက်ဆံတဲ့ အကြိမ်ရေတိုင်း
ကွန်ဒုံးပါအောင်သုံးပေးရပါမယ်။ တစ်ခါလေး ကွန်ဒုံးမသုံးလိုက်ခါမှ တစ်ဘဝလုံးနောင်တရနေမယ့်
အဖြစ်မျိုးကို မခံစားချင်ရင် ကွန်ဒုံးသုံးဖို့မရှက်ပါနှင့်။
အလွှာခြားတာပြဿနာလို့ထင်နေတဲ့စိတ်ကို ဘယ်လိုဖြေရှင်းမလဲ?
အဓိကကတော့ အလွှာခြားတာပြဿနာလို့ထင်နေတဲ့ စိတ်ကို လိင်ဆက်ဆံဖော်နှစ်ဦးနှစ်ဖက်
စိတ်အေးရတဲ့ စိတ်နှင့် အစားထိုးပါ။ တစ်ခဏတာသာယာမှုကို တစ်ဘဝစာ နှင့် မလဲလိုက်ပါနှင့်။
ကွန်ဒုံးမသုံးချင်ရင် တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးပါ။ မိမိ လိင်ဆက်ဆံဖော်နောက်ကြောင်းကို
သိအောင်လုပ်ပါ၊ နှစ်ဦးနှစ်ဖက်ဆေးစစ်ပါ။ ကျန်းမာရေးစောင့်ရှောက်မှုအမြဲခံယူပါ။

ကွန်ဒုံးသုံးခြင်းရဲ့ကောင်းကျိုးများ

1. HIV/ AIDS, အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ ဆီးပူညောင်းကျရောဂါ၊ ကာလသားရောဂါ၊
ကလိုင်မိုင်းဒီးယား စတဲ့ လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါတွေကို ၉၉ ရာခိုင်နှုန်းထိ
ကာကွယ်ပေးပါတယ်။
2. ကွန်ဒုံးဟာ စျေးသင့်ပါတယ်၊ အလွယ်တကူဝယ်လို့ရနိုင်ပါတယ်။
3. ကွန်ဒုံးဟာ အသုံးပြုရလွယ်ပါတယ်။
4. ကိုယ်ဝန်မရအောင် ၉၆ရာခိုင်နှုန်းထိကာကွယ်ပေးပါတယ်။
5. မိမိအိမ်ထောင်ဖက်မှာ တားဆေးထိုးခြင်း၊ သောက်ခြင်းရဲ့ ဆိုးကျိုးတွေကို မခံစားရစေခြင်း။
6. ကွန်ဒုံးတွင် ဘေးထွက်ဆိုးကျိုးနည်းပါးခြင်း စသည်တို့ဖြစ်ပါတယ်။

ကွန်ဒုံးသုံးခြင်းရဲ့ ဆိုးကျိုးများ
1. ကွန်ဒုံးပေါက်တတ်ခြင်း
2. လိင်မဆက်ဆံခင် နှင့် အမျိုးသားလိင်အင်္ဂါထောင်မတ်ချိန်တွင် အချိန်ကိုက်သုံးရခြင်း
3. လိင်ဆက်ဆံတဲ့ အကြိမ်ရေတိုင်း ကွန်ဒုံးသုံးဖို့လိုအပ်ခြင်း
သတိပြုရမည့်အချက်များ
1. ကွန်ဒုံးပေါက်တတ်သည့်အတွက် လိင်ဆက်ဆံပြီးပါက မစွန့်ပစ်ခင် ကွန်ဒုံးကိုသေချာစစ်ဆေးပါ။
2. ကွန်ဒုံးပေါက်သွားပါက ကိုယ်ဝန်ရသွားနိုင်သည့်အတွက် အမျိုးသမီးလိင်ဆက်ဆံဖော်ကို
အရေးပေါ်တားဆေးတိုက်ပါ။
3. ကွန်ဒုံးကို လိင်ဆက်ဆံပြီးတိုင်း စနစ်တကျ စွန့်ပစ်ပါ။
4. ကွန်ဒုံးမသုံးခင် ရက်လွန်ဒိတ် ဟုတ်မဟုတ် သေချာစစ်ဆေးပါ။

Dr.Khaing

OnDoctor.com.mm


မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။


Comments