အပျိုစင်ဘဝကိုစွန့်လွှတ်ရင် ဘာတွေဖြစ်မလဲ



အပျိုစင်ဘ၀ တနည်းအားဖြင့် virginity ကို အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။ ကျန်းမာရေးရှုထောင့်အရ ကြည့်မယ်ဆိုရင်တော့ အမျိုးသားတစ်ယောက်နဲ့တစ်ကြိမ်တစ်ခါလိင်ဆက်ဆံမှုရှိဖူးတဲ့ အမျိုးသမီးတွေမှာ အပျိုစင်ဘဝစွန့်လွှတ်လိုက်ရပြီလို့အဓိပ္ပါယ်သတ်မှတ်လို့ရပါတယ်။ မိန်းကလေး တစ်ယောက် ပထမဆုံးအမျိုးသားတစ်ယောက်နဲ့အတူတူလိင်ဆက်ဆံမှုပြုတဲ့အချိန် နဲ့ပြုပြီးတဲ့နောက်မှာ ဘာတွေ ပြောင်းလဲမှုဖြစ်လဲဆိုတာကို ဆက်ဆွေးနွေးသွားမှာပါ။

ပထမဆုံးအကြိမ်လိင်ဆက်ဆံတဲ့အခါ

လူတိုင်းပထမဆုံးဆိုတာကို ကြောက်တတ်ကြပါတယ်။ အမျိုးသမီးပဲဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ် ပထမဆုံးလိင်ဆက်ဆံမှုပြုတဲ့အခါ နာကျင်မှာကိုကြောက်တတ်ကြပါတယ်။ လိင်ဆက်ဆံမှုဆိုတာကို လူ့ခန္ဓာကိုယ်ရဲ့ သဘာဝတုံ့ပြန်မှုတစ်ခုလို ပဲသဘောထားသင့်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှအောင် နာကျင်မှုကင်းအောင် ပွင့်ပွင့်လင်းလင်း ပြောဆို ဆက်ဆံဖို့လည်း အရေးကြီးပါတယ်။

အပျိုအမြေးပါးပေါက်ပြီးသွေးထွက်ခြင်းနဲ့အပျိုစင်ဘဝကို တိုင်းတာတာလား?
ဒီမေးခွန်းရဲ့အဖြေကို ဖြေရမယ်ဆိုရင်တော့ လုံးဝမဟုတ်ပါဘူးနော်။ အပျိုအမြေးပါးဆိုတာ မိန်းကလေးတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် ပါပုံပါနည်း မတူညီကြပါဘူး။ တစ်ချို့က မွေးကတည်းက အပျိုအမြေးပါး မပါလာတာ၊ အပျိုအမြေးပါးက ထူလွန်းနေတာ၊ အပျိုအမြေးပါးက နေရာလွဲမှားရှိနေတာ အဲ့လိုပြဿနာမျိုးတွေ ရှိတတ်ပါတယ်။ ဒါ့အပြင် အပျိုအမြေးပါးဆိုတဲ့ဝေါဟာရအတိုင်း အရမ်းပါးပြီး ပေါက်မှန်းတောင် မသိသာတဲ့အတွက် ပထမဆုံးလိင်ဆက်ဆံတာမှန်သော်လည်း မိန်းမကိုယ်လမ်းကြောင်းကနေ သွေးမဆင်းတာမျိုးဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် အပျိုအမြေးပါးပေါက်မပေါက်ကို ကြည့်ပြီး အပျိုစင်ဘဝကို တိုင်းတာဖို့ကတော့ ခက်ခဲလှပါတယ်။

ခန္ဓာကိုယ်ပြောင်းလဲမှုဖြစ်စဉ်များ

လိင်ဆက်ဆံမှုရှိပြီးတဲ့အမျိုးသမီးတွေနဲ့အမျိုးသားတွေမှာ ခန္ဓာကိုယ်မှာ သိသာထင်ရှားတဲ့ရေရှည် ပြောင်းလဲမှုမျိုးတွေ မတွေ့ရပါဘူး။ လိင်ဆက်ဆံမှုအချိန်အတွင်းမှာ ထွက်တဲ့ဟော်မုန်းတွေကြောင့်သာ မိန်းမကိုယ်လမ်းကြောင်း ချောဆီထွက်တာ၊ နှလုံးခုန်နှုန်းတွေမြန်လာတာ၊ ချွေးထွက်တာ၊ အသားအရည်နီမြန်းလာတာ၊ အမျိုးသားအင်္ဂါ ထောင်မတ်လာတာမျိုးဖြစ်လာတာပါ။ ဒီပြောင်းလဲမှုတွေဟာ ခဏပဲကြာတာပါ။ လိင်ဆက်ဆံမှုပြီးရင် ပုံမှန်အတိုင်းပဲ ဖြစ်သွားပါတယ်။

စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုဖြစ်စဉ်များ

လူတစ်ယောက်နဲ့တစ်ယောက် စိတ်နေစိတ်ထားတွေမတူညီကြသလို အပျိုစင်ဘဝအပေါ် ခံယူထားခြင်းမှာလည်း မတူညီနိုင်ပါဘူး။ အများအားဖြင့်တော့ ပထမဆုံးအပျိုစင်ဘဝကိုစွန့်လွှတ်ပြီးတဲ့ နောက်မှာ အားငယ်စိတ်များတာ၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုအားနည်းလာတာ၊ ကြောက်စိတ်များတာ၊ ဝမ်းနည်းလာတာ စတဲ့စိတ်အပြောင်းအလဲလေးတွေ အမျိုးသမီးတော်တော်များများမှာ ဖြစ်တတ်ကြပါတယ်။ ကာလအခြေအနေပေါ်မူတည်ပြီး ခံယူချက်တွေသာပြောင်းလဲသွားတာပါ။ အပျိုစင်ဘဝကို စွန့်လွှတ်လိုက်ရုံနဲ့မိမိ တစ်ဘဝလုံးပျက်စီးသွားတဲ့ခံယူချက်မျိုး၊ မျှော်လင့်ချက်မရှိတဲ့ခံယူချက်မျိုးတော့ လုံးဝမတွေးသင့်ပါဘူး။ အပျိုစင်ဘဝဆိုတာ စကားလုံးဝေါဟာရတစ်ခုပါ။ မိမိရဲ့ဘဝဖြစ်တည်မှုကို တည်ဆောက်ပေးတဲ့ အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုမဟုတ်ပါဘူးလို့အကြံပေးပါရစေ။

သိထားသင့်တဲ့အချက်များ

မိန်းကလေးတွေဟာ တစ်လတစ်ခါရာသီလာသွားပြီ တနည်းအားဖြင့် အပျိုဖော်ဝင်ပြီဆိုတာနဲ့ မျိုးဆက်ပွားနိုင်စွမ်းရှိပါပြီ။ ပထမဆုံးအတူနေမယ်ဆိုရင်လည်း ကျန်းမာရေးအသိအနေနဲ့မမျှော်လင့်ဘဲ ကိုယ်ဝန်ဆောင်ရနိုင်တယ်ဆိုတဲ့အချက်ကို ထည့်သွင်းစဉ်းစားပေးဖို့အရေးကြီးပါတယ်။ သားဆက်ခြားကျန်းမာရေး နှင့် မျိုးဆက်ပွားကျန်းမာရေးအကြောင်းကိုလည်းသေချာလေ့လာထားသင့်ပါတယ်။
နောက်တစ်ခုကတော့ လိင်ကတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါများအန္တရာယ်ကို သိဖို့ပါ။ ကိုယ်နဲ့လိင်ဆက်ဆံမယ့် တစ်ဖက်သူဟာ ရောဂါပိုးကင်းသလားဆိုတာကို မျက်စိနဲ့ကြည့်ပြီးမသိနိုင်ပါဘူး။ တစ်ကြိမ်တစ်ခါတည်းလည်း မယုံကြည်ရတဲ့အတွက် လိင်ဆက်ဆံမှုမပြုခင် သွေးစစ်ကြည့်တာဒါမှမဟုတ် သွေးမစစ်နိုင်သေးရင်လည်း အကာအကွယ် ကွန်ဒုံးသုံးတာမျိုးက နှစ်ဦးနှစ်ဖက်အတွက် စိတ်ချရပါတယ်။

Dr.Khaing

OnDoctor.com.mm


မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။




Comments