ဘယ်လိုလူတွေမှာ Covid-19 ဗိုင်းရပ်စ် ကူးစက်နိုင်သလဲ


တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားခဲ့တဲ့ COVID-19 လို့ခေါ်ဆိုတဲ့ ပြင်းထန် အဆုတ်ရောင်ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေဟာ ပိုမိုဆိုးရွားလာနေတယ်လို့ WHO က ကြေညာခဲ့ပါတယ်။ ဒါကြောင့်လည်း Epidemic အခြေအနေကနေ Global Pandemic ကပ်ဘေးအခြေအနေလို့ ပြောင်းလဲ ကြေညာခဲ့တာဖြစ်ပါတယ်။
တစ်ချို့သောတိုင်းပြည်တွေမှာ ဘားတွေ၊ တက္ကသိုလ်တွေ၊ ကျောင်းတွေ၊ စားသောက်ဆိုင်တွေ၊ ရုံးတွေ၊ ဘဏ်တွေကို ပိတ်ထားတာမျိုးအထိရှိနေပါတယ်။ ကမ္ဘာကျော် စီးရီးအေ ဘောလုံးပြိုင်ပွဲကို ရပ်နားထားသလို၊ ပရီးမီးယားလိဂ်ပြိုင်ပွဲကိုလည်း ကွင်းပိတ်ကစားဖို့ စီစဉ်နေပါပြီ။
လက်ရှိမှာ ရောဂါပိုးကူးစက်ခံရသူ ၁၂၆၃၀၀ ကျော်အထိရှိနေပြီဖြစ်ပြီးတော့ သေဆုံးသူဦးရေဟာလည်း ၄၆၃၃ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ရောဂါပိုးကူးစက်ခံထားရာကနေ ပြန်လည်သက်သာလာသူကလည်း ၆၈၂၈၅ ဦးအထိ တိုးတက်လာနေပါတယ်။
လက်ရှိမှာ သိပ္ပံပညာရှင်တွေနဲ့ ဆေးဝါးပညာရှင်တွေကတော့ ရောဂါကိုထိန်းချုပ်နိုင်ဖို့နဲ့ ကုသနိုင်ဖို့ကြိုးပမ်းနေကြဆဲဖြစ်ပေမယ့် အလုံးစုံအောင်မြင်မှုတော့ မရရှိကြသေးပါဘူး။ ဒါပေမယ့် တစ်ဖက်မှာလည်း ဒီကပ်ဆိုးနဲ့ ပတ်သက်ပြီး ပိုမိုသိရှိလာနေရပြီဖြစ်သလို ဘယ်လိုလူမျိုးတွေဆီမှာ ရောဂါကူးစက်နိုင်ခြေ ပိုများတယ်ဆိုတာကိုလည်း ပိုမိုသိရှိလာနေရပြီဖြစ်ပါတယ်။

ဘယ်လိုလူတွေ ကူးစက်ခံရနိုင်ချေများသလဲ

အောက်မှာ ဖော်ပြသွားမယ့် အချက်အလက်တွေဟာ Harvard T.H. Chan School of Public Health၊ Chinese Center for Disease Control and Prevention နဲ့ The Journal of the American Medical Association တို့ရဲ့ လေ့လာချက်တွေကို အခြေခံပြီး ဖော်ပြသွားမှာဖြစ်ပြီး ရောဂါရဲ့ မူရင်းဒေသဖြစ်တဲ့ တရုတ်နိုင်ငံကို အခြေခံပြီး သုတေသနပြုထားတဲ့ အချက်အလက်တွေဖြစ်ပါတယ်။
လက်ရှိ ဆန်းစစ်ချက်တွေအရ အသက် ၃၅ နှစ်အောက် လူတွေမှာ သေဆုံးနိုင်ချေက သုညရာခိုင်နှုန်းနီးပါး အခြေအနေပါ။
အသက် ၄၀ – ၈၀ ကြား မှာ ရောဂါကူးစက်နိုင်ခြေအများဆုံးဖြစ်ပါတယ်။
ရောဂါကူးစက်မှုရဲ့ ၈၀ ရာခိုင်နှုန်း ဟာ ပြင်းထန်မှုမရှိပါဘူး။
လက်ကျန် ၂၀ ရာခိုင်နှုန်း ကသာ အန္တရာယ်ရှိပါတယ်။ အဆိုပါ ၂၀ရာခိုင်နှုန်း မှာတော့ အသက်ရှူကြပ်တာ၊ နမိုးနီးယားနဲ့ ကိုယ်တွင်းအင်္ဂါလုပ်ဆောင်ချက် လွဲမှားတာလိုမျိုး ပြင်းထန်တဲ့ လက္ခဏာတွေ ကြုံရနိုင်ပါတယ်။
၂.၃ ရာခိုင်နှုန်း ကသာ သေနိုင်ခြေရှိပါတယ်။ Severe acute respiratory syndrome (SARS) တုန်းက ကူးစက်ခံရသူတွေရဲ့ ၁၀ ရာခိုင်နှုန်း အထိ သေဆုံးမှုရှိခဲ့ပါတယ်။
COVID-19 ကူးစက်ခံရသူတွေထဲမှာ ၁ နှစ်နဲ့ ၉ နှစ်အကြားကလေးငယ်တွေမှာ ကူးစက်နိုင်ခြေ ၁ရာခိုင်နှုန်း သာရှိပြီးတော့ သေဆုံးမှုလည်း လုံးဝမရှိပါဘူး။
၁၀ နှစ်နဲ့ ၁၉ နှစ်အကြား အသက်အရွယ်မှာလည်း ကူးစက်နိုင်ခြေ ၁ ရာခိုင်နှုန်း သာရှိပါတယ်။
အသက် ၇၀ ကျော် သက်ကြီးရွယ်အိုတွေမှာ ရောဂါကူးစက်ခံရမယ်ဆိုရင် သေဆုံးနိုင်ခြေ ၈ ရာခိုင်နှုန်း အထိရှိပါတယ်။
အသက် ၈၀ နဲ့အထက် အရွယ်မှာဆိုရင်တော့ သေဆုံးနိုင်ခြေ ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်လာမှာဖြစ်ပါတယ်။ အသက် ၈၀ နဲ့အထက် လူကြီးတွေအနေနဲ့ ဆေးရုံမှာပဲ ဆက်နေသင့်တယ်လို့ အကြံပြုထားပါတယ်။
နောက်ထပ် သတိထားရမယ့် အချက်တစ်ချက်ကတော့ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ကူးစက်နိုင်ခြေ ၂ ဆ ပိုမြင့်တယ်လို့ Chinese Center for Disease Control and Prevention က ဆိုထားပါတယ်။
ဒါ့အပြင် ဆေးလိပ်သောက်သုံးသူတွေဟာ သာမန်လူတွေထက် ရောဂါပိုပြီးဖြစ်နိုင်ချေမြင့်မားပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံမှာ အမျိုးသား ၄၇.၆ ရာခိုင်နှုန်း ဟာ ဆေးလိပ်သောက်ကြတယ်လို့ ဆိုထားပြီး ရောဂါအရှိန်အဟုန်နဲ့ ပြန့်နှံ့သွားရတဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ပြီး သွေးတိုး၊ ဆီးချိုနဲ့ အဆုတ်ရောဂါဝေဒနာ အခံရှိသူတွေအနေနဲ့လည်း COVID-19 ရောဂါဖြစ်ပွားနိုင်ခြေရော သေဆုံးနိုင်ခြေပါမြင့်မားပါတယ်။
ဒီအချက်တွေကို ဖတ်ရှုပြီးရင် ရောဂါကို ရှောင်လွှဲနိုင်ဖို့ နည်းလမ်းတွေကို တွေးတောနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ သတိထားရမယ့် အချက်က အထက်က အခြေအနေတွေနဲ့ မကိုက်ညီသူတွေမှာ လုံးဝကူးစက်နိုင်ချေမရှိဘူးလို့ ဆိုလိုတာမဟုတ်ပဲ ဖြစ်နိုင်ခြေ နည်းပါးတယ်လို့ဆိုလိုတာဖြစ်တာမို့ လူတိုင်း ဒီရောဂါကို သတိထားဖို့ လိုအပ်ပါတယ်။

ဘယ်လို ကာကွယ်ကြမလဲ

ဒီရောဂါဟာ ကူးစက်မြန်ပြီး အန္တရာယ်များတာ မှန်ပေမယ့် မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ ရောဂါပိုး ကူးစက်ခံထားရသူမရှိသေးဘူးလို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။ သံသယလူနာအများအပြား တွေ့ရှိခဲ့ပေမယ့် အမှန်တကယ် COVID-19 ရောဂါ ကူးစက်ခံထားရသူမျိုး ရှာဖွေ တွေ့ရှိခြင်းမရှိသေးပါဘူး။
ဒါကြောင့် ရောဂါပိုး အမှန်တကယ် ရောက်ရှိလာခြင်းမရှိသေးခင်မှာ မိမိကိုယ်ကိုယ် ဂရုတစိုက် စောင့်ရှောက်ပြီး ကာကွယ်ထားဖို့ လိုအပ်ပါတယ်။ COVID-19 ကို ကာကွယ်ဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့က လမ်းညွှန်ချက်တွေ ထုတ်ပြန်ပေးထားပါတယ်။
အဲဒါတွေကတော့ …
၁။ လက်ကို စနစ်တကျနဲ့ မကြာခဏဆေးပါ။
၂။ လူစုလူဝေးကို ရှောင်ပါ။
၃။ ပါးစပ်၊ မျက်လုံးနဲ့ နှာခေါင်း (MEN) ကို မထိပါနဲ့။
၄။ ချောင်းဆိုး၊နှာချေတဲ့အခါ လက်နဲ့အုပ်တာထက် တံတောင်ဆစ်ကို အသုံးပြုပါ။
၅။ ရောဂါလက္ခဏာတွေရှိနေရင် ဆေးကုသမှုခံယူပါ။
၆။ မဖြစ်မနေ mask တပ်စရာမလိုပါဘူး။
၇။ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက သတင်းနားထောင်ပါ။

ရေးသားသူ Ye Zon Aungဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing WinHello Sayarwon

Comments