ဂျီစပေါ့ ရှာပုံတော်


(အရွယ်ရောက်ပြီးသူများသာ ဖတ်သင့်ပါတယ်)

G spot ဆိုတာကို တော်တော်များများကြားဖူးလိမ့်မယ်။ ယောကျ်ားလေးတွေရော မိန်းကလေးတွေရောပေါ့။ မိန်းမကိုယ်အတွင်းထဲမှာရှိတဲ့ ဒီနေရာက မိန်းကလေးတွေမှာ သာမန်ထက်ပိုမိုပြင်းထန်တဲ့ အထွဋ်အထိပ်ရောက်မှု ခံစားချက်ကိုဖြစ်စေနိုင်တယ်လို့ အစဉ်အဆက်ယုံကြည်ကြတယ်။ အဲဒီအတွက် အမျိုးသမီးတွေကလည်း ဂျီစပေါ့ဆိုတာ သူတို့ကိုတကယ်ပဲ သာမန်ထက်ပိုတဲ့ပြီးမြောက်မှုမျိုး ခံစားရစေနိုင်လားဆိုတာကို သိချင်ကြသလို ယောကျ်ားတွေမှာလည်း ဂျီစပေါ့ကို နှိုးဆွပြီး ပြီးမြောက်အောင်ပြုလုပ်နိုင်ခြင်းက ကျွမ်းကျင်မှုရှိတယ်၊ မိန်းမကျမ်းကျေတယ်ဆိုတာမျိုးကို ရည်ညွှန်းပြီး အမျိုးသမီးတွေသဘောကျတယ်လို့ ယူဆကြတဲ့အတွက်ကြောင့် ဂျီစပေါ့ကို ရှာဖွေကြတယ်။

ဂျီစပေါ့ ဆိုတာဘာလဲ။
G spot ဆိုတာက Grafenberg spot ကိုအတိုကောက်ခေါ်တာဖြစ်ပါတယ်။ ဂျာမန်လူမျိုး ဆရာဝန်နဲ့ သိပ္ပံပညာရှင် Ernst Grafenberg ဆိုသူက လေ့လာရှာဖွေခဲ့တာဖြစ်တဲ့အတွက်ကြောင့် သူ့နာမည်ကိုအစွဲပြုပြီး G spot (ဂျီစပေါ့) လို့ခေါ်တာပါ။ ဒီနေရာက တကယ်ရှိမရှိဆိုတာနဲ့ပတ်သက်ပြီး အခုချိန်ထိအငြင်းပွားမှုတွေ တပုံတပင်ရှိနေပြီး ၂၀၁၇ခုနှစ်မှာဆိုရင် ကျယ်ပြန့်တဲ့လေ့လာချက်တစ်ခုတောင် လုပ်ခဲ့ရပါသေးတယ်။

ယုံကြည်ရလောက်တဲ့ ခိုင်မာတဲ့ယူဆချက်တစ်ခုကတော့ ဂျီစပေါ့ဆိုတာက အမျိုးသမီးတွေမှာ သတ်သတ်ပါရှိတဲ့ လိင်အင်္ဂါအစိတ်အပိုင်းတစ်ခုမဟုတ်ဘဲ မအင်္ဂါစေ့နဲ့ ဆက်စပ်မှုရှိတဲ့ မိန်းမကိုယ်အတွင်းထဲက နယ်ပယ်အသိုင်းအဝိုင်းတစ်ခုဖြစ်တယ်လို့ပါ။ အဲဒီအတွက် ဂျီစပေါ့ကိုလှုံ့ဆော်မှုဆိုတာက မအင်္ဂါစေ့ကို လှုံ့ဆော်မှုလိုမျိုး သဘောသက်ရောက်တာပါပဲလို့ ဆိုပါတယ်။ အပြင်ဘက်မှာပဲရှိနေတဲ့ မအင်္ဂါစေ့ဟာ မြင်နေရတဲ့အပိုင်းလေးတင်မဟုတ်ဘဲ အတွင်းထဲမှာအမြစ်တွေရှိနေသလိုမျိုးပါပဲ။ ဒီလေ့လာချက်အရဆိုရင်တော့ မိန်းမကိုယ်မှာရှိတဲ့ မအင်္ဂါစေ့နဲ့ ဂျီစပေါ့ဟာ ဆက်စပ်နေတဲ့အစိတ်အပိုင်းတွေဖြစ်ပါတယ်။

(ဂျီစပေါ့ဟာ အမှန်တကယ်ရှိတဲ့အရာတစ်ခုလား တကယ်လိင်ပိုင်းဆိုင်ရာ ကျေနပ်မှုကို ဖြစ်မြောက်စေသလား၊ ဘယ်နေရာမှာလဲ အစရှိတာတွေအကုန်လုံးမှာ ပညာရှင်တွေ ငြင်းခုန်နေဆဲပါပဲ။ ရှေ့ဆက်ပြီးတော့လည်း သေချာတဲ့အဖြေတစ်ခုခုရလာဖို့ ခဲယဉ်းသေးတယ်။ ဒီဆောင်းပါးက ရှိခဲ့ရင်ဆိုတာကနေ မူတည်ရေးသားပါတယ်)

ဂျီစပေါ့က ဘယ်နေရာမှာလဲ။
ဂျီစပေါ့ဆိုတာ တကယ်ရှိတယ်ဆိုရင် ဘယ်နေရာမှာရှိနေလဲဆိုတာက နောက်ထပ်မေးခွန်းတစ်ခုပါ။ ပြဿနာကတော့ အမျိုးသမီးတွေရဲ့ မအင်္ဂါအစိတ်အပိုင်းတွေဖွဲ့စည်းပုံက တစ်ယောက်နဲ့တစ်ယောက် ထပ်တူဆင်တူကျနေတာမျိုးမရှိတဲ့အတွက်ကြောင့် ဂျီစပေါ့ဘယ်မှာရှိလဲဆိုတဲ့မေးခွန်းမှာလည်း ရိုးရှင်းတဲ့အဖြေမရှိပါဘူး။ အကောင်းဆုံးနည်းလမ်းကတော့ တခြားသူတစ်ယောက်ကို ရှာဖွေခိုင်းနေမယ့်အစား ကိုယ်တိုင်စပြီးရှာဖွေတာပါ။ ကိုယ့်ခန္ဓာကိုယ်ဖြစ်တဲ့အတွက် အတိုင်းအဆကိုချင့်ချိန်နိုင်တယ်လေ။

အတိအကျ ဘယ်နေရာမှာရှိတယ်ဆိုတာကို မပြောနိုင်ပေမယ့် အများစုရဲ့ ယူဆချက်ကတော့ မိန်းမကိုယ်ကနေ နှစ်လက်မလောက်ဝင်ပြီးရင် အပေါ်ဘက်နံရံ နာရီလက်တံ ၁၀ နာရီနဲ့ ၂နာရီကြားနေရာမှာရှိတယ်လို့ဆိုပါတယ်။
ဒါပေမယ့် ခလုပ်တစ်ခုလိုမျိုး ဒါမှမဟုတ် မအင်္ဂါစေ့လိုမျိုးတော့ သိသာထင်ရှားတဲ့ အဖုအထစ်မျိုးရှိနေမှာမဟုတ်ဘူး။ အဲဒီနားပတ်ဝန်းကျင်ဆိုတာလောက်ပဲရရှိနိုင်မှာပါ။

လက်နဲ့စမ်းသပ်ကြည့်မယ်ဆိုရင် လက်တစ်ချောင်း ဒါမှမဟုတ် နှစ်ချောင်းကို မိန်းမကိုယ်ထဲ ထိုးသွင်းပြီးတဲ့နောက် အပေါ်ဘက်နံရံကို ကုတ်သလိုမျိုး ခပ်ကွေးကွေးစမ်းကြည့်ရပါမယ်။ အဲဒီအခါ ခပ်ကြမ်းကြမ်းအမွေးပွရေစိုရုပ်ကို ထိနေရသလိုမျိုးလို့လည်းပြောကြတယ်။ အစောပိုင်းမှာတော့ ဆီးသွားချင်သလို ခံစားချက်မျိုးဖြစ်စေလိမ့်မယ်၊ စက္ကန့်အနည်းငယ်အကြာမှာတော့ ခံစားလို့ကောင်းသွားပါလိမ့်မယ်။

ဂျီစပေါ့နဲ့ဆို သာမန်ထက်ပိုကောင်းသလား။
မိန်းမမဟုတ်တော့ ကျွန်တာ်လည်း စမ်းသပ်ကြည့်လို့မရဘူး။ ဒါပေမယ့် ဂျီစပေါ့နဲ့ ပြီးမြောက်ခြင်းပဲဖြစ်ဖြစ် ဒါမှမဟုတ် ထိုးသွင်းဆက်ဆံခြင်း၊ မအင်္ဂါစေ့ကိုနှိုးဆွပြီးမြောက်ခြင်းဖြစ်ဖြစ် ကိုယ့်ရဲ့စိတ်ခံစားချက်အပေါ်မှာပဲလိုက်ပြီး အပြောင်းအလဲရှိတယ်လို့ဆိုပါတယ်။ အမျိုးသမီးတိုင်းက ဂျီစပေါ့နဲ့ပြီးမြောက်ခြင်းကို နှစ်သက်ချင်မှနှစ်သက်လိမ့်မယ်။ အားလုံးမှာ အတူတူရယ်လို့မရှိဘူး။ ကိုယ်တိုင်က ဘယ်နည်းလမ်းနဲ့ ပြီးမြောက်မှုကို အကြိုက်ဆုံးလဲဆိုတာသိဖို့အတွက် တစ်ကိုယ်ရည်အာသာဖြေခြင်းနဲ့ စမ်းသပ်လို့ရပါတယ်။

ဂျီစပေါ့ကို ထိရောက်နိုင်တဲ့ အနေအထားများ။
တကယ်လို့ ကိုယ်က ကိုယ့်လိင်ဆက်ဆံဖော်နဲ့အတူ ဂျီစပေါ့ကိုထိရောက်တဲ့နည်းလမ်းတွေကို ရှာဖွေနေတယ်ဆိုရင်တော့ အဖြစ်နိုင်ဆုံးနီးစပ်တဲ့ လိင်လက်ဆံမှုအနေအထားတွေရှိတယ်။

အကြမ်းအားဖြင့်တော့ အမျိုးသမီးအနေနဲ့ control ယူပြီး လွတ်လပ်စွာ လှုပ်ရှားနိုင်တဲ့အနေအထားတွေက သူ့အတွက် အကောင်းဆုံးနဲ့ အထိရောက်ဆုံးပုံစံကို ဖန်တီးနိုင်တဲ့အတွက် ပိုပြီးအဆင်ပြေပါတယ်။

ဥပမာ Cowgirl လို အနေအထားမျိုးမှာဆိုရင် အမျိုးသမီးအတွက် ဂျီစပေါ့ကိုထိဖို့အတွက် အကောင်းဆုံးအနေအထားပဲ။ အမျိုးသမီးက အပေါ်မှာနေတဲ့အနေအထားမှာ အမျိုးသမီးက အရှိန်၊ အနေအထား၊ အနက်အစရှိတာတွေအကုန်လုံးကိုချိန်ဆနိုင်တယ်။ ဘယ်လိုအနေအထားမျိုးဆိုရင် ကိုယ့်ကိုထိရောက်နိုင်မလဲဆိုတာကိုသိနိုင်တယ်။ အပေါ်အောက်အစား အရှေ့အနောက်ကပိုအဆင်ပြေတယ်။ တခြားအနေနဲ့ Doggy style, closed missionary အနေအထားတွေမှာလည်း ဂျီစပေါ့ကိုထိရောက်နိုင်မှုပိုများတယ်လို့ဆိုပါတယ်။

လွယ်သလား ခက်သလား ရာမ။
လိင်ပိုင်းဆိုင်ရာကိစ္စရပ်တွေဟာ အမျိုးသားရော အမျိုးသမီးတွေအတွက်ပါ ထင်သလောက်မလွယ်ကူပါဘူး။ ရုပ်ရှင်တွေထဲမှာလိုမျိုး အမြဲတမ်းကြည်နူးပျော်ရွှင်စရာကောင်းနေတာမျိုးမဟုတ်ဘဲ ရှက်ရွံစရာတွေ၊ အားမလိုအားမရဖြစ်စရာတွေ၊ အပြစ်ရှိသလိုခံစားရတာတွေ စသဖြင့် စိတ်ကသိကအောက်နိုင်စရာတွေလည်းအများကြီးပါ။

ဂျီစပေါ့ကိုရှာဖွေဖို့ဆိုရင် အကောင်းဆုံးကတော့ အမျိုးသမီးကိုယ်တိုင် အရင်ရှာဖွေစမ်းသပ်ကြည့်သင့်တယ်။ တစ်ကိုယ်ရည်အာသာဖြေမှု လုပ်သင့်တယ်။ ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုတောင် ကိုယ်တိုင်လမ်းမသိဘဲ တခြားသူတစ်ယောက်ကို လမ်းမသိရကောင်းလားဆိုပြီး စိတ်တိုနေရရင်တော့မကောင်းဘူး။ ကိုယ်တိုင်လမ်းပြနေလျက်နဲ့ လွဲချော်နေတယ်ဆိုရင်တော့ တမျိုးပေါ့နော်။ အဲဒီတော့ ကိုယ်တိုင်အရင်ရှာဖွေစမ်းသပ်ပါ။ ပြီးရင် ကိုယ့်အဖော်ကိုပြောပြပါ။

လိင်မှုဆက်ဆံရေးဟာ နှစ်ဦးနှစ်ဘက်လုံးအတွက် ကြည်နူးအားရစရာဖြစ်သင့်ပါတယ်။ ဒီလိုဖြစ်ဖို့ဆိုရင် အပြန်အလှန်ယုံကြည်မှုတွေ၊ ရင်းနှီးပွင့်လင်းတဲ့ဆက်ဆံရေးတွေနဲ့ နားလည်မှုတွေလိုအပ်ပါတယ်။ ကိုယ်ဘာကိုကြိုက်တတ်တယ်၊ ဘယ်လိုအနေအထားမျိုးဆို ကိုယ်ပိုနှစ်သက်တယ်ဆိုတာကို ကိုယ်တိုင်ကြိုတင်သိရှိဖို့ ရှာဖွေစမ်းသပ်ထားသင့်သလို ကိုယ့်အဖော်နဲ့လည်း ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်သွယ်ထားဖို့လိုအပ်ပါတယ်။ ဒီလို ဂျီစပေါ့ကိစ္စမျိုးမှာကိုပဲ အတွင်းထဲကို အထိမခံနိုင်တာ၊ နာကျင်တာမျိုးတွေလည်းရှိနိုင်ပါတယ်။ ကိုယ်က ဂျီစပေါ့ကို ထိတွေ့မှုကိုမကြိုက်တဲ့သူဖြစ်နိုင်တဲ့အတွက် အဲဒီလိုထိတွေ့မှုက ကိုယ့်အတွက် ခံစားလို့မကောင်းတာမျိုးဖြစ်နေနိုင်တယ်။ အဲဒီလို ကိုယ့်ရဲ့ ကြိုက်ခြင်း၊မကြိုက်ခြင်းတွေကို ပြောဆိုဆက်သွယ်ထားတာမျိုး မလုပ်ဘူးဆိုရင်တော့ လိင်ပိုင်းဆိုင်ရာကိစ္စတွေက စိတ်ညစ်စရာကြီးဖြစ်နေမှာပါပဲ။ နောက်ဆုံးမှာတော့ one fit for all ဆိုတဲ့ အားလုံးနဲ့ အဆင်ပြေကိုက်ညီတဲ့ စည်းမျဉ်းစည်းကမ်းတွေ လုပ်ဆောင်မှုတွေမရှိပါဘူး။ တချို့က ဂျီစပေါ့ကြိုက်တယ်၊ တချို့ကမကြိုက်ဘူး။ တချို့က ထိုးသွင်းဆက်ဆံမှုနဲ့ပြီးမြောက်တယ်၊ တချို့က နှိုးဆွမှုနဲ့ ပြီးမြောက်တယ် ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ စိတ်ကို ပျော်ရွှင်ကြည်နူးစေမယ် အားရစေမယ်ဆိုရင် အဆင်ပြေပါတယ်။

ရေးသားသူ Dr. Thurein Hlaing Win
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Comments