သွေးဆုံးနေချိန် ကြုံရတတ်တဲ့ လိင်မှုကိစ္စအခက်အခဲလေးတွေ


အမျိုးသမီးတွေရဲ့ ဘဝမှာ သွေးဆုံးချိန်ဟာလည်း မဖြစ်မနေ ကျော်ဖြတ်ရမယ့် အခက်အခဲကာလတစ်ခုပါပဲ။ ဒီအချိန်ဆိုရင် ဟော်မုန်းအပြောင်းအလဲဖြစ်တာအပြင် ပုံမှန်ဖြစ်နေကျ ရာသီစက်ဝန်းရဲ့ ရပ်တန့်တော့မယ့်အချိန်ဖြစ်တာရော၊ တခြားကျန်းမာရေးပြဿနာတွေအနေနဲ့ ကိုယ်လက်အရိုးအဆစ်ကိုက်ခဲတာ၊ ကိုယ်အလေးချိန် တက်တာ၊ ကျတာ၊ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲမြန်တာ စတာတွေအပြင် လိင်ကိစ္စဆက်ဆံတဲ့အခါမှာလည်း အမျိုးသမီးတွေအတွက် ပြဿနာအများအပြား ကြုံလာရနိုင်ပါတယ်။
ခုဆောင်းပါးမှာတော့ သွေးဆုံးနေစဉ် အမျိုးသမီးတွေ ကြုံတွေ့ရတတ်တဲ့ လိင်ပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့ အမျိုးသားတွေအနေနဲ့ ဘယ်လိုအားပေးကူညီပေးလို့ ရမလဲဆိုတာကို အဓိကပြောပြပေးချင်ပါတယ်။

၁။ လိင်စိတ်ဆန္ဒနည်းခြင်း

လိင်စိတ်ဆန္ဒဆိုတာ အသက်ကြီးလာတာနဲ့အမျှ နည်းလာတတ်တဲ့အရပါ။ အထူးသဖြင့် အမျိုးသမီးတွေအတွက် သွေးဆုံးနည်းတဲ့အချိန်ဆိုရင် ကိုက်ခဲနာကျင်နေတဲ့ ဝေဒနာအပြင် ဟော်မုန်းမျှခြေ ကမောက်ကမဖြစ်နေခြင်းကြောင့် လိင်ဆက်ဆံဖို့ကို လုံးဝစိတ်မပါနိုင်တော့တာလည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အမြဲတမ်းလိုလို အလုပ်ကိစ္စ၊ အိမ်ကိစ္စတွေနဲ့ ပိနေတဲ့ အမျိုးသမီးတွေ၊ စိတ်ဖိစီးမှုနဲ့ တစ်ခုခုဆို စိတ်အားငယ်တတ်တဲ့ အမျိုးသမီးတွေမှာ ဖြစ်တတ်ပါတယ်။
ဒါကြောင့် ကိုယ်သွေးဆုံးနေတဲ့အချိန် ဒီလိုလက္ခဏာတွေကြုံလာတဲ့အခါ အမျိုးသမီးတွေအနေနဲ့ ကိုယ့်အိမ်ထောင်ဖက်ကို ပွင့်ပွင့်လင်းလင်းပြောပြပါ။ အမျိုးသားတွေအနေနဲ့လည်း စိတ်မပါတာကို အတင်းလုပ်ယူပြီး လိင်ဆက်ဆံဖို့ မကြိုးစားပါနဲ့။ သူတို့ဘေးနားမှာ ကိုယ်က ယောက်ျားကောင်းတစ်ယောက်အနေနဲ့ ဘာပဲလိုအပ်လိုအပ်၊ ဘာတွေပဲ ဖြစ်နေဖြစ်နေ အမြဲတမ်းအဆင်သင့်ရှိနေပေးမယ့် အကြောင်းကို သိအောင်ပြောပြပါ။ အမျိုးသမီးတွေကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုတစ်ခုပေးပါ။

၂။ မိန်းမကိုယ်ခြောက်သွေ့ခြင်း

အက်စထရိုဂျင်လို့ ခေါ်တဲ့ မဟော်မုန်းက ရုတ်တရက်ဆိုသလို နည်းသွားတဲ့အခါ မိန်းမကိုယ်ကို ချောမွေ့စေဖို့ သဘာဝအတိုင်းထွက်လာတဲ့ အရည်တွေက နည်းသွားပြီး မိန်းမကိုယ်က ခြောက်ကပ်ကပ်ဖြစ်သွားတတ်ပါတယ်။ ဒီအခါမှာ အမျိုးသမီးတွေအနေနဲ့ အရေပြားပြဿနာတွေ ပိုပြီးဖြစ်လာနိုင်သလို လိင်ဆက်ဆံတဲ့အခါမှာလည်း သဘာဝချောဆီမရှိတော့တဲ့အတွက် ယားယံတာ၊ အလွန်နာကျင်တာတွေ ဖြစ်နိုင်ပါတယ်။
ဒီပြဿနာကို ဖြေရှင်းဖို့ အမျိုးသားတွေအနေနဲ့ အဆင်ပြေလောက်မယ့် ချောဆီတစ်မျိုးမျိုးကို ဆောင်ထားဖို့ လိုပါတယ်။ ချောဆီတွေထဲမှာမှ ရေအခြေပြု ချောဆီတွေကို ရှာဝယ်ပါ။ မိန်းမကိုယ်ကို အစိုဓါတ်ထိန်းပေးနိုင်မယ့် စပရေးမျိုးတွေကို ဝယ်ပေးပါ။ နောက်တစ်ချက်က မိန်းမကိုယ် သန့်စင်ဆေးရည်ကိုလည်း သူသုံးနေကျ တံဆိပ်တစ်မျိုးမျိုးရှိရင် ကိုယ်အပြင်သွားတဲ့အချိန် ဝယ်ထားပေးလို့ အဆင်ပြေပါတယ်။

၃။ ကာမသုခ အပြည့်အဝမရတာ

မိန်းမကိုယ်ခြောက်တာအပြင်ကိုမှ နောက်ပြဿနာတစ်ခုကတော့ လိင်ဆက်ဆံပြီးသွားတဲ့အချိန်မှာတောင် အပြည့်အဝ စိတ်ကျေနပ်မှုမရတာပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရခြင်းဟာ မိန်းမကိုယ်နဲ့ မမျိုးစေ့အတွင်း သွေးစီးဆင်းမှုနည်းသွားတာကြောင့် ခံစားသိရှိနိုင်မှုစွမ်းရည်ဟာ ကျသွားနိုင်ပါတယ်။
ဒီလိုသွေးဆုံးနေတဲ့အချိန်မှာ အမျိုးသားတွေအနေနဲ့ ထိုးသွင်းဆက်ဆံဖို့ကို မလောပါနဲ့။ ကိုယ့်အိမ်ထောင်ဖက်နဲ့ အတူပွေ့ဖက်တာ၊ နမ်းတာ၊ စကားတွေပြောပြီး ကြည်နူးရင်းနဲ့ မိန်းမကိုယ်၊ ရင်သား၊ ခန္ဓါကိုယ်အနှံ့ကို ပါးစပ်နဲ့ နှိုးဆွတာမျိုး ပြုလုပ်ပေးပါ။ သုက်ထွက်ရင်ပြီးရောဆိုပြီး အမြန်လုပ်ချလိုက်တာမျိုးကိုတော့ လုံးဝရှောင်ပေးပါ။

၄။ ထိုးသွင်းစဉ်နာကျင်ခြင်း

ဒါကတော့ သွေးဆုံးမှမဟုတ်ပါဘူး။ ပုံမှန်အချိန်မှာလည်း မိန်းမကိုယ်ဟာ ထိုးသွင်းဆက်ဆံခြင်းခံရတဲ့အခါ အနည်းနဲ့အများတော့ နာကျင်တတ်ပါတယ်။ ဒါကတော့ အမျိုးသားရဲ့ လိင်အင်္ဂါအရွယ်အစား၊ ဆက်ဆံပုံအနေအထားနဲ့လည်း သက်ဆိုင်မှုရှိပါတယ်။ သွေးဆုံးနေတဲ့အချိန်မှာတော့ အထက်မှာပြောခဲ့တဲ့ လိင်ပိုင်းဆိုင်ရာချို့ယွင်းမှုလက္ခဏာတွေအပြင် တခြားကျန်းမာရေးမှာလည်း ချူချာလာတဲ့အတွက် လိင်ဆက်ဆံဖို့ကို စိတ်မပါတော့ဘဲ ငြင်းဆန်နေမိတာတွေ ဖြစ်နိုင်ပါတယ်။
ဒီအတွက် လိင်ဆက်ဆံဖို့ကို အရမ်းမလောပါနဲ့။ အပေါ်မှာ ပြောခဲ့သလို ဖြည်းဖြည်းချင်းပဲစတင်ပါ။ ချောဆီကို သေချာသုံးပါ။ အားသုံးပြီး မဆက်ဆံပါနဲ့။ သူ့စီးချက်နဲ့သူ အလိုက်သင့်လေး စီးမျောသွားလိုက်ပါ။

၅။ စိတ်အနှောင့်အယှက်ဖြစ်လွယ်တာ

လိင်ဆက်ဆံတဲ့အခါ အမျိုးသားရော၊ အမျိုးသမီးပါ ဒီကိစ္စကိုပဲ အာရုံထားသင့်တယ်ဆိုတာ သိပြီးသားဖြစ်မှာပါနော်။ ဒါပေမယ့် ခုလို သွေးဆုံးနေတဲ့အချိန်မှာ အမျိုးသမီးရဲ့ စိတ်ထဲ ခါတိုင်းထက်ပိုပြီး အတွေးများနေတာ၊ စိတ်အတက်အကျမြန်တာ၊ စိတ်ညစ်တာ၊ စိုးရိမ်ပူပန်တာတွေ ပိုဖြစ်တတ်ပါတယ်။ ပုံမှန်အချိန်ထက်လည်း တစ်ခုခုဆိုတာနဲ့ စိတ်ဆိုးဒေါသထွက်လွယ်၊ ဝမ်းနည်းလွယ်တတ်တာကြောင့် လိင်ဆက်ဆံတဲ့အခါ ဒီကိစ္စကိုပါ သေချာအာရုံမစိုက်နိုင်ဘဲ စိတ်အာရုံပျံ့လွင့်သွားနိုင်ပါတယ်။
အဲ့ဒါကြောင့် စိတ်ညစ်နေတဲ့ အမျိုးသမီးကို ကိုယ့်အနေနဲ့ တတ်နိုင်သလောက် ဖေးမကူညီပါ။ အိမ်အလုပ်တွေထဲက ကိုယ်လုပ်နိုင်တာ၊ လုပ်ဖို့အဆင်ပြေတာရှိရင် ကူလုပ်ပေးလိုက်ပါ ဥပမာ-ထမင်းစားပြီး ပန်းကန်တွေ ကူဆေးပေးတာ၊ အဝတ်လျှော်ပေးတာ၊ အိမ်သန့်ရှင်းဝိုင်းကူလုပ်ပေးတာမျိုးပေါ့။ ကိုယ့်အနေနဲ့ သူ့ကို စိတ်ပျော်ရွှင်အောင်၊ စိတ်လုံခြုံမှုဖြစ်အောင် ထားပေးဖို့နဲ့ သူလိုအပ်တဲ့အချိန်တိုင်းမှာ ကိုယ်က အနားကနေ လူအားရော၊ စိတ်အားနဲ့ပါ ပံ့ပိုးကူညီပေးဖို့ အမြဲကြိုးစားပေးပါ။
ဘာပဲဖြစ်နေဖြစ်နေ ဒီအချိန်ကာလဆိုတာ ကိုယ်ချစ်ရတဲ့ အမျိုးသမီးကိုယ်တိုင် ဖြတ်ကျော်ရမယ့် အခက်အခဲကာလဖြစ်တာမို့ ငါကတော့ ယောက်ျားလေးပဲ၊ ငါနဲ့ဆိုင်တာမှမဟုတ်တာ၊ အချိန်တန်ရင် သက်သာသွားမှာပဲ ဆိုတာတွေ မလုပ်ပါနဲ့။ အိမ်ထောင်ဖက်အချင်းချင်း တစ်ယောက်ကို တစ်ယောက် ဖေးမကူညီပါ။ ကြင်ကြင်နာနာ ပြောဆိုဆက်ဆံပေးပါ။ လိုအပ်တာမှန်သမျှ ကူညီပေးဖို့ အသင့်ဖြစ်ပါစေ။ ဒီကာလတွေ ကျော်လွန်မြောက်သွားတဲ့အခါ ကိုယ့်ရဲ့ အိမ်ထောင်ရေးက အရင်ကထက်တောင် ပိုပြီးနွေးထွေးပျော်ရွှင်စရာကောင်းလာမှာ အသေအချာပါပဲ။
ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။

Comments