စိတ်ဝင်စားဖွယ် သားဆက်ခြားကျန်းမာရေး နှင့် မျိုးဆက်ပွါးကျန်းမာရေး ဆက်စပ်မှုများ

အရင်တစ်ခေါက်က estrogen အကြောင်း ဆောင်းပါးမှာ ရာသီစက်ဝန်းဟာ မျိုးဆက်ပွါးကျန်းမာရေးမှာရော သားဆက်ခြားကျန်းမာရေးမှာပါ အရေးပါကြောင်း ဆောင်းပါး သီးသန့်ရေးပေးမယ်လို့ ပြောခဲ့တာ မှတ်မိကြမယ်ထင်ပါရဲ့။
အရင်ဆုံး သားဆက်ခြားကျန်းမာရေးအကြောင်း အရင်စလိုက်မယ်နော်။ အပြင်ဆေးခန်းစထိုင်တော့ ကလေးလိုချင်လို့လာတဲ့လူနာထက် တားဆေးသုံးဖို့လာတဲ့ လူနာက များတာမို့လို့ပါ။ အိမ်ထောင်ကျတာ မကြာသေးလို့..   ကလေး မယူချင်သေးလို့… ကလေးတွေက များနေပြီမို့လို့… စီးပွားရေးအရ ကလေး ယူဖို့ မပြေလည်လို့… စတဲ့ အကြောင်းပြချက် မျိုးစုံနဲ့ စီးပွါးရေး ကျပ်သည်ထက် ကျပ်လာတဲ့ ခေတ်ကြီးမှာ မျိုးဆက်ပွားကျန်းမာရေးထက် သားဆက်ခြားကျန်းမာရေးကို ပိုပြီးဦးစားပေးလာကြတာမို့ ဒါကို အရင်ရှင်းလိုက်ရအောင်။
ဆေးခန်းလာကြတဲ့ အမျိုးသမီးလူနာတွေရဲ့ ၃ ပုံ ၁ ပုံ ဟာ depot ခေါ် ၃ လခံ သန္ဓေတားဆေး လာထိုးကြတဲ့အမျိုးသမီးတွေ ဖြစ်နေတတ်တဲ့ထိကို တားဆေးသုံးတဲ့သူအရေအတွက်က များပါတယ်။ ဆေးကတ်ပုံမှန်ဝယ်သောက်တဲ့သူတွေလည်းရှိပေမဲ့ သောက်ရမှာမေ့တာနဲ့ မှတ်ရတာနဲ့ဆိုတော့ ၃ လခံဆေးပဲ ထိုးကြတယ်။ စျေးကလည်း လနဲ့ပြန်တွက်ရင် သိပ်မကွာဘူးကိုး။ ပြီးတော့ သူက ရာသီပေါ်ပြီး ၇ ရက်အတွင်းထိုးရင် ၃ လကတော့ အေးဆေးနေတော့ပဲ။ ရာသီမပေါ်ခင်ထိုးရင်တော့ ၇ ရက် တူတူနေတာရှောင်.. မရှောင်နိုင်ရင် အမျိုးသားကို ကွန်ဒုံးသုံးခိုင်း( ဒါမှမဟုတ်) ကိုယ်က အရေးပေါ်တားဆေးသောက်ပေါ့။ စိတ်ချရလားဆိုတော့ ဆေးရဲ့ အရည်အသွေး၊ သိုလှောင်မှုစနစ်၊ ထိုးတဲ့ရက် ၊ ထိုးပုံထိုးနည်း ၊ ကိုယ်နဲ့ သင့်မသင့် စတာတွေ အပေါ်မူတည်ပြီး ဆေးထိုးတဲ့လူတစ်ထောင်မှာ ၃ – ၅ ယောက်လောက်ထိ ဆေးမအောင်ဘဲ ကိုယ်ဝန်ရသွားနိုင်သည်။ ရာခိုင်နှုန်းအားဖြင့်တော့ အတော်နည်းတဲ့ အနေအထားပါ။ ဒါပေမယ့်လည်း ထိုးဆေး သောက်ဆေးတွေဆိုတာက အနည်းနဲ့အများ ဘေးထွက်ဆိုးကျိုးတွေနဲ့။ ဆေးသောက်ဆေးထိုးပြီး မူးလို့မော်လို့..တလှပ်လှပ်တုန်လို့…သွေးပေါင်တက်လို့..ဝ တက်လာလို့.. စတဲ့ ရောဂါလက္ခဏာပေါင်းစုံကြောင့် ဆေးရပ် လိုက်ရတဲ့သူတွေလည်း ရာခိုင်နှုန်းမနည်း။ ကဲ… လက်မောင်းထဲ ပိုက်ထည့်( ဒါမှမဟုတ် ) သားအိမ်ထဲ ပစ္စည်းထည့် ဆိုတော့ ယောက်ျားသာယူထားတာ ကြောက်တတ်လိုက်ကြတာမှ။ ဒါဖြင့်ကွန်ဒုံးသုံးကြလို့တော့ သွားအကြံမပေးလေနဲ့။ ကိုယ့်ရှေ့သာ နားထောင်သွားပြီး ကွယ်ရာကျ ဒီဆရာဝန်မကတော့ ညားကာစလင်မယားကို ဘာတွေ လုပ်ခိုင်းမှန်း မသိဘူးဆိုတဲ့ အတင်းစကားလေးတွေနှင့် ထောပနာပြုတတ်ကြတယ်လေ။
တကယ်တော့ ကွန်ဒုံးက လွဲလို့ အပေါ်မှာပြောခဲ့တဲ့ သားဆက်ခြားနည်းတွေ အကုန်လုံးဟာ သဘာဝကို ဆန့်ကျင် တားမြစ်တဲ့ နည်းလမ်းတွေ ဖြစ်တဲ့ အလျောက် ဆိုင်ရာ ဆိုင်ရာ ဆိုးကျိူးတွေ ရှိနေပါတယ်။ ကင်ဆာဖြစ်မှာတွေ ဘာတွေ နောက်ထား၊ တားဆေး ကြာကြာ သောက်/ထိုးမိရင် ဆေးဖြတ်လိုက်ပြီးတာတောင်မှ ရာသီ စက်ဝန်း ကမောက်ကမ ဖြစ်တာ.. ရာသီထိန်တာ…အဆိုးဆုံးက ကလေးလိုချင်ကာမှ မရတော့တာပါပဲ။ ဆေးခန်းထိုင်လာတဲ့သက်တမ်းတလျှောက် ကလေးလိုချင်လို့ လာတိုင်ပင်တဲ့ ဇနီးမောင်နှံတွေကို မေးကြည့်တဲ့အခါ ၁၀%က  အပေါ်မှာပြောခဲ့တဲ့ တားဆေးတွေထဲက တစ်နည်းမဟုတ်တနည်းစ်ကို နှစ်နဲ့ချီ ပြီး သုံးစွဲထားတဲ့သူတွေဖြစ်နေတာတွေ့ရတယ်။ စစ်တမ်းမရှိတဲ့အတွက် တကယ်ကလေးလိုချင်တဲ့အခါ ကလေးမရနိုင်တော့တဲ့ ရာခိုင်နှုန်း ဘယ်လောက်ရှိလည်း အတိအကျ မပြောနိုင်တာ။ နှစ်ရှည်လများ ရေရှည်သုံးစွဲရင် ကလေးမရနိုင်ချေအရမ်းမြင့်တယ်ဆိုတာ သတိထားမိတာမို့ ဒါကို လေးလေးနက်နက် သတိချပ်စေလိုပါတယ်။ sterilization ခေါ် သားကြောဖြတ်ခြင်းကလွဲပြီး အခုထက်ထိ ဘယ်ဆေး ဘယ်နည်းလမ်းမှ ၁၀၀% ကိုယ်ဝန်တားပေးနိုင်တယ်လို့ အာမ မခံဘူးဆိုတာလည်း ထပ်လောင်းပြောလိုပါတယ်။
၁၀၀% အာမ မခံနိုင်တာ ချင်းအတူတူ ကိုယ်ကတော့ ကိုယ့်ခန္ဓာကိုယ်က ဟော်မုန်းကို ကိုယ်ပိုယုံပါတယ်။ အနည်းဆုံး ဘာဘေးထွက်ဆိုးကျိုး ဘာရောဂါ မှ မရဘူးလေ။  ပြီးတော့ တကယ်တမ်းသေချာလိုက်လုပ်ရင် တော်တော် ထိရောက်တာပါ။ လိုတာကတော့ ပြက္ခဒိန် တစ်ခုနဲ့ ဂဏန်းသချာၤအပေါင်းအနှုတ် တတ်ရင် ဖြစ်ပြီဆိုပါတော့။ အလွယ် “ရက်ရှောင်နည်း” လို့ အများသိကြပါတယ်။ ပြောချင်တာ က ခုမှစပြီမို့  ကြည့်လိုက်ရအောင်…။
အမျိုးသမီးတစ်ဦးရဲ့ ရာသီစက်ဝန်းမှာ အဆင့် ၂ ခုရှိတယ်။ သားဥမကြွေမီအဆင့် (Follicular phase) နဲ့ သားဥကြွေပြီးအဆင့် (Luteal phase) ပေါ့။ အဲဒီမှာ အကြမ်းဖျဉ်း ရှင်းပြရရင်  ရှေ့က သားဥ မကြွေမီအဆင့် (Follicular phase) ရဲ့ ကြာချိန်က ပုံသေ (၁၄) ရက်ပဲ။ နောက်က သားဥကြွေပြီးအဆင့်( luteal phase)ကသာ အချိန်ကာလ ရှည်တာ တိုတာ အပြောင်းအလဲ ရှိနိုင်တာပါ။ သည်တော့ နောက်က သားဥကြွေပြီးအဆင့်ရဲ့ ကြာချိန်ပေါ်မူတည်ပြီး ၂၈ ကြာတို့… ၃၀ ကြာ.. ၃၂ ရက်ကြ ဓမ္မတာစက်ဝန်း ကာလတွေ ကွဲသွားတာအားလုံးက ဒီသားဥကြွေပြီးအဆင့်ရဲ့ ကြာချိန် အပြောင်းအလဲကြောင့်ပါပဲ။ ဒါက follicular phase မှာ ထွက်မယ့် မ ဟော်မုန်းတွေရဲ့ လွှမ်းမိုးမှု  ၃၀% ပါပါတယ်။ ကြည့်ရင်မများဘူးထင်ရပေမဲ့ ရာခိုင်နှုန်းအလိုက်အကြောင်းအရင်းတွေကြားမှာတော့ သူအများဆုံးပါပဲ။ ဟော်မုန်း ပမာဏညီမျှနေရင် ရာသီစက်ဝန်းရဲ့ ဒုတိယ အပိုင်းဖြစ်တဲ့ luteal phase ရဲ့ အချိန်ကာလပါ လစဥ် ညီနေမှာမို့ တွက်လို့ ပိုအဆင်ပြေပါတယ်။ မညီလည်းတွက်လို့ရနေဆဲပါ။ ဘာလို့လဲ ဆိုတော့ ရှေ့မှာ follicular phase ခေါ် ပထမပိုင်း က ကိန်းသေမို့ပါပဲ။ ဒါဟာ သဘာဝကပေးတဲ့ ဇီဝကမ္မ ဖြစ်စဉ်ရဲ့ တိကျမှုပါပဲ။ ဒီဖြစ်စဉ်ပေါ် အမြတ်ထုတ်ပြီး ပြက္ခဒိန်နည်း (ဝါ) ရက်ရှောင်နည်းရယ်လို့ ဖြစ်လာတာပါ။
အဓိက ပြောချင်တဲ့ အတွက်အချက် အပိုင်းကိုရောက်လာပါပြီ။ အမျိုးသမီးတစ်ဦး ဓမ္မတာလာတဲ့ နောက်ဆုံးရက်ကို Day 0 လို့မှတ် ပြီး နောက်တစ်ရက် ကို Day 1 (ပထမရက် ) လို့ သတ်မှတ်ပါမယ်။ အဲဒီ ပထမရက်ကနေ သတ္တမမြောက်နေ့ ( day 1 to day 7) အထိသည် ( ပြောရရင် တစ်ပတ် အတိပေါ့)  ချစ်ခြင်းလုံခြုံမှုကာလ (safe period) ဖြစ်လို့ ကလေး မရနိုင်တဲ့အတွက် စိတ်ချလက်ချ တူတူနေလို့ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သန္ဓေတည်ဖို့ဆိုရင် မမျိုးဥ(သားဥ) နဲ့ သုတ်ကောင် ပေါင်းရမှာပါ။ သည်လိုပေါင်းဖို့ရာ သားဥကြွေတဲ့ အချိန်နဲ့ သုတ်ကောင်ရောက်လာနိုင်တဲ့ အချိန်တိုက်ဆိုင်ဖို့ လိုပါသေးတယ်။ သာဥဘယ်ချိန်ကြွေသလဲဆိုရင် ပထမအဆင့်ရဲ့ အဆုံးခါနီးမှာကြွေပါသည်။ ဒါဆို ရာသီရက်နှင့်တွက်ရင် Day 13 (or) Day 14 မြောက်နေ့ပတ်ဝန်းကျင်ဖြစ်ပါသည်။ သားဥသက်တမ်းက 3 ရက်။ ဆိုတော့ သည်ရက် အတွင်း သုတ်ကောင်ရောက်လာရမည်။ သုတ်ကောင်၏ သက်တမ်းက အများဆုံး ၅ ရက် ဆိုတော့ ဒီသားဥကြွေချိန် (Day 13 or Day 14) မတိုင်မီ ၅ ရက်အလိုအတွင်း သုတ်ကောင် သားအိမ်ထဲရှိမနေရင် မျိုးမအောင်နိုင်တော့ ကလေးမရနိုင်ပါဘူး။ ဆိုပါတော့ Day 7 မှာ အတူနေတယ်… သုတ်ကောင်ဟာ သားအိမ်ထဲမှာ ၅ရက်ရှိနေနိုင်တာမို့  Day 12 ဆိုသေပါပြီ။ သားဥက Day13မှ အစောဆုံး ကြွေနိုင်မှာမို့  ပေါင်းဆုံနိုင်စရာမရှိတော့ပါဘူး။ ကဲ … Day 8 မှာ အတူနေမိတယ်ဆိုပါစို့။ သုတ်ကောင်ဟာ Day13ထိ အသက်ရှင်နိုင်ပြီမို့ မတော်တဆ သားဥ များစောကြွေခဲ့ရင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။ အဲ့နောက်ပိုင်း ချစ်ခြင်းလုံခြုံမှုကာလ ( safe period)ကိုရောဘယ်လိုတွက်မလဲ။ လွယ်ပါတယ်နော်။ Day 13or 14မှာသားဥကြွေတယ်ပဲထား။ စိတ်ချရအောင် Day14 ကိုယူလိုက်မယ်။ သူ့ထက်နောက်ကျပြီး သားဥ ကြွေစရာအကြောင်းမရှိလို့ပါ။ သားဥလေးရဲ့သက်တမ်းက ၃ ရက်ထဲဆိုတော့ Day14မှာကြွေရင်တောင် Day 17ကျော်ရင် သားဥက အသက်မရှိတော့ပါဘူး။ သုတ်ကောင်လာရင်တောင် ပေါင်းဆုံစရာမရှိတော့ပါဘူး။ စိတ်ချရအောင် တစ်ရက်စောင့်လိုက်ပါဦး Day 18 ထိပေါ့။ နောက်နေ့ Day 19မှာ သားဥရဲ့ သက်တမ်းက ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် 19 ရက်မြောက်နေ့ (day 19 ) ကစပြီး ရာသီမလာမချင်းဟာ ချစ်ခြင်းကာလ ( safe period ) ပြန်ဖြစ်သွားပါပြီ။ ဒီတော့ရှောင်ရမယ့်ရက်က တစ်လမှာ danger period လို့ ဖြစ်နိုင်ချေအများဆုံးကို တွက်ချက်ထားတဲ့ ရာသီလာပြီး ၈ ရက်မြောက်နေ့ကနေ ၁၈ ရက်မြောက်နေ့ထိ (Day 8 to Day18) 11 ရက်မျှသာရယ်ပါ။ လွယ်ပါတယ်နော် တွက်ရတာ။ ရာသီပြန်လာတာနဲ့ အစကအတိုင်းပြန်တွက်သွားရုံပါပဲ။
သည်နည်းမှာ အရေးအကြီးဆုံးက ကိုယ့်ရာသီစက်ဝန်းကို အလွတ်ရနေဖို့ပါပဲ။ ရက်မမှန်ရင်သုံးလို့ မရလောက်တော့ဘူးဆိုတဲ့ အလွယ်ယူဆချက်တွေရှိနေပေမယ့် ခန္ဓာကိုယ်ရဲ့ သိပ်တိကျတဲ့ ဇီဝကမ္မဖြစ်စဉ်အပေါ် အခြေခံပြီးတွက်ထားတာမို့ ဘာဆေးမှ မသုံးချင်သူ… ဘာနဲ့မှမတည့်သူ ပျိုမေတွေ အတွက် ရာခိုင်နှုန်းအတော်များများ စိတ်ချရပါတယ်။ တစ်ခုပဲ သတိထားရမှာက ရာသီစောတတ်တဲ့သူ နောက်ကျတတ်တဲ့ သူတွေ ကအစ သည်နည်းကို သုံးလို့ရပေမယ့် ရာသီစက်ဝန်းကို နှစ်လသုံးလ ခုန်ကျော်ပေါက်ကျော်ဖြစ်တတ်တဲ့သူတွေ နဲ့တော့ အဆင်မပြေနိုင်ပါဘူး။ ( ဒါကြောင့် မ ဟော်မုန်းညီမျှမှုက သည်မှာ အရေးပါတယ်လို့ ပြောခဲ့တာပါ။)
နည်းကတော့သဘာဝရဲ့ သားဆက်ခြားနည်း အစစ်ပါပဲ။ ဒီနည်းကောင်း၊ မကောင်း ဆိုတာကတော့ အနောက်နိုင်ငံတွေမှာ ဒီနည်း အသုံးပြုသူ ၃၀% အထိ ရှိပါတယ်။ ကျန်တာက သားအိမ်တွင်း သန္ဓေတားပစ္စည်း ထည့်ကြတာများပါတယ်။ သောက်ဆေးထိုးဆေးသုံးသူ အင်မတန်နည်းပါတယ်။ Asia နိုင်ငံတွေကတော့ တခြား နည်းတွေ ပိုအသုံးများတယ်။ ထိုးဆေးသောက်ဆေးသုံးတာများတဲ့အခါ ဘာဖြစ်လာသလဲဆိုတော့ ၂၀၁၆ က စစ်တမ်းတွေ အရ Asia ဘက် နိုင်ငံတွေမှာ fertility rate ခေါ် သန္ဓေအောင်မှုနှုန်း သိသိသာသာ ကျလာတာပဲ… မြုံကုန်တာကိုး။ လိုချင်တဲ့ အချိန် ကလေး မရတော့ဘူး။ ဓမ္မတာ မမှန်တော့ဘူး။ လင်စိတ်သားစိတ်ခမ်းလာမယ်။ ကြာလာရင် နောက်ဆက်တွဲ အနေနဲ့ နှလုံးထိနိုင်တယ်။ သွေးခဲပိတ်တာ၊ လေဖြန်းတာတွေ ကစပြီး တချို့သော ကင်ဆာအမျိုးအစားတွေကို ဖြစ်စေနိုင်တယ် လို့လည်း အချက်အလက်တွေ မှာတွေ့ရတယ်။ သဘာဝ တရားကို ဆန့်ကျင်တဲ့အခါ သဘာဝရဲ့ ဒဏ်ခတ်မှုကို ကတော့ အနည်းနဲ့အများ ခံရမှာပဲကိုး။ ဒါပေမဲ့ သိပ်ကြာမှပါ။ ဒီဆေးတွေက ရေတိုအတွက်ပဲကောင်းပြီး လူတိုင်းနဲ့ မသင့်ဘူး ဆိုတာ သတိချပ်စေချင်တာပါ။ နင်းကန်ကြောက်ပြီး ဒီနည်းလုံးဝ မသုံးပြန်ရင်လည်း အဆင်မပြေပြန်ဘူး။ သားအိမ်တွင်း သန္ဓေတားပစ္စည်း ထည့်တာနဲ့ ပတ်သက်ပြီး မကြောက်ကြဖို့နဲ့ ဘာတွေ အယူလွဲ နေကြကြောင်းကို လည်း ဆောင်းပါးသီးသန့် ထပ်ရေးပါဦးမယ်။
ကဲ…. ဒုတိယ လိုအပ်ချက်ဖြစ်တဲ့ ကလေးလိုချင်သူ မိဘအပါင်းတို့အတွက် မျိုးဆက်ပွါးကျန်းမာရေး လာပါပြီ။ သည်မှာရော ခုနလို ရက်တွက်နည်း ဘယ်လိုသုံးမလဲ။ လွယ်ပါတယ်။ ခုနင်က ရှောင်ခိုင်းထားတဲ့ ကြားရက်တွေဖြစ်တဲ့ Day 8to Day 18 ( ၈ရက်မြောက်မှ ၁၈ရက်မြောက်နေ့ ) တွေမှာ အတူနေပေးရမှာပါ။ ကျန်တဲ့နေ့တွေမှာ အတူနေလို့ ကလေးရဖို့ အကျိုးမထူးပါဘူး။ ကလေးလိုချင်တဲ့ မောင်နှံစုံတွဲတွေ အနေနဲ့က လတိုင်း အဲ့ရက်ကို သေချာတွက်ယူပြီး Day 8 to 18 ( ၁၁ ရက်တိတိ ) အတူနေရပါမယ်။ ပံ့ပိုးမှု အချက်အလက်အနေနဲ့ကတော့ မောင်နှံနှစ်ဦး စလုံးဟာ စိတ်ဖိစီးမှုနဲ့ ပင်ပန်းမှု အနည်းဆုံးဖြစ်နေရပြီး အာဟာရ ပြည့်ဝအောင် စားသောက်နေထိုင်နေတဲ့ ကာလဖြစ်ရပါမယ်တဲ့။ Honeymoon ထွက်တယ်ဆိုတာ ကလေးယူရအဆင်ပြေအောင်လည်းပါပါတယ်နော်။ အဲ့အတိုင်းကြိုးစားလိုက်လို့မှ တစ်နှစ်တိတိ ပြည့်တာတောင် မအောင်မြင်သေးဘူးဆိုရင်တော့ တစ်စုံတစ်ရာ ချို့ယွင်းမှုရှိမရှိ စစ်ဆေးဖို့ သားဖွားမီးယပ် အထူးကုနဲ့ တိုင်ပင်ပြသရပါမယ်တဲ့။
သားဆက်ခြားရော မျိုးဆက်ပွါး ကိုပါ ပြက္ခဒိန်တစ်ခုထဲနဲ့ အဆင်ပြေစေမယ့်နည်းပါ။ အဓိကအချက်ကို ထပ်ပြောပါမယ်နော်။ ကိုယ့်ရာသီစက်ဝန်းကို အလွတ်ရနေဖို့ နဲ့ ရာသီစက်ဝန်းကို နှစ်လသုံးလ ခုမ်ကျော်ပေါက်ကျော်ဖြစ်တတ်တဲ့သူတွေ နဲ့တော့ အဆင်မပြေနိုင်ဘူး ဆိုတာပါပဲ။ သည်လို ရာသီစက်ဝန်းကို မှတ်မိနေခြင်းအားဖြင့်
ကိုယ်ဝန်သက်တမ်း ( maturity by date ) နဲ့ ခန့်မှန်းမီးဖွားရက် ( estimated date of delivery) တွက်တဲ့ အခါ မှာ အလွန်အဆင်ပြေသွားပြီး premature baby ခေါ် လမစေ့လေးတွေမွေးတာ.. post date ခေါ် ရက်ကျော်မွေးလို့ ကလေးမကောင်းတာမျိုး ဖြစ်နိုင်ချေ နည်းသွားတာပါပဲ။ မြို့ပေါ်မှာ မသိသာပေမယ့် USG ခေါ် အာထရာစောင်း မရှိတဲ့နေရာဆိုရင် သိပ်အသုံးဝင်တာပါ။
ဘေးအန္တရာယ်ကို သဘောပေါက်လွယ်ကြပြီး မိမိကိုယ်ကို စောင့်ရှောက်နိုင်ကြစေရန် ရည်ရွယ်လျက်။
နှင်းနုအေး
မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။


Comments