ရာသီသွေးဆင်းတာများရင် ဆရာဝန်ပြဖို့ လိုကိုလိုသလား


သီတာတစ်ယောက် ဒီနေ့ ခေါင်းမူးနေသည်။ ကြာကြာလမ်းမလျောက်နိုင်။ ထိုင်နေမှသာ သက်သာသည်။ အားနည်းနေသည်ဟုထင်ကာ အားဆေးများလည်း ဝယ်သောက်သည်။ သို့သော်
လူ ကနေလို့ သိပ်မကောင်း။  အခုတစ်လော သွေး နည်းနည်း ဆင်းနေတတ်သည်။ သွေးဆင်းတာကလည်း အများကြီးမဟုတ် အနည်းငယ်မျှသာဖြစ်သည်။ တစ်ပတ်လောက်ဆင်းတော့ မဖြစ်တော့ ဘူးဆိုကာ ဆေးခန်းသို့သွားပြလိုက်သည်။ ဆရာဝန်က ဗိုက်ပေါ်ကလည်း စမ်းသပ်သည်။  USG လည်း ရိုက်ခိုင်းသည်။
” USG အဖြေအရတော့ ညီမရဲ့ သားဥဟာ တစ်လတစ်ကြီမ် ပုံမှန်ကြွေရမယ့်ဟာကို မကြွေတဲ့အတွက် သားဥအိမ်မှာ အလုံးလေးတွေ ဖြစ်နေတာပါ။ ပုံမှန် သားဥ မကြွေတဲ့အတွက် သားဥလေးတွေ စုပြီးသားဥအိမ်မှာ အလုံးတွေ ဖြစ်နေတာပါ။  ” ဆရာဝန်ကား စိတ်ရှည်ရှည် ရှင်းပြပါသည်။
” ဟုတ်ကဲ့ ” သီတာ အားငယ်သွားသောကြောင့် အသံသည် တိုးတိတ်စွာ ထွက်သွားသည်။
“USG မှာ ကြည့်ပါ အလုံးတွေ အများကြီးပဲ။ ” ဆရာဝန်သည် USG စာရွက်မှ ဓာတ်ပုံများကို သေချာရှင်းပြသည်။ နားလည်တာလည်းရှိသည်။ နားမလည်တာရှိသည်။ သို့သော် သီတာ တစ်ယောက် ပြန်မမေးမိ။
” ဘာလို့ဖြစ်တာပါလဲ  ” ဒီတစ်ခွန်းကိုတော့ အရဲစွန့် မေးလိုက်သည်။
” ခန္ဓာကိုယ်မှာရှိတဲ့ hormone ထုတ်မှု ပုံမှန်မဟုတ်တဲ့အတွက် မမျိုးဥ ပုံမှန် မကြွေတာပါ။ နောက်တစ်ခုက ကျားဟော်မုန်းများနေတဲ့အတွက်လည်း ဖြစ်ပါတယ်။ မမျိုးဥ က ပုံမှန်ဆိုရင် ရာသီစက်ဝန်းရဲ့အလယ်မှာ ကြွေတတ်ပါတယ်။ အမျိုးသမီးတစ်ယောက် လဆန်း ၁ ၇က်နေ့မှာ သာ ရာသီသွေး စဆင်းခဲ့မယ်ဆိုရင် မမျိုးဥဟာ ၁၄ ရက် ၁၅ ရက် လောက်မှာ ကြွေရပါတယ်။ တစ်လ တစ်ကြိမ် ပုံမှန် ကြွေရမဲ့ မမျိုးဥလေး တွေ မကြွေတဲ့ အတွက် ဒီလိုမျိုး ဖြစ်သွားတာပါ။ အဲဒီလို မမျိုးဥ မကြွေတဲ့ အခါမှာ သားအိမ်နံရံဟာ ထူနေတတ်ပါတယ်။ သားအိမ်နံရံ ထူတဲ့ အတွက် ရာသီသွေးဆင်းရင်လည်းများတတ်ပါတယ်။ သမီး ရာသီသွေးဆင်းတာ များနေတယ်မလား  ”
” တစ်လနဲ့ တစ်လ တော့ မတူတတ်ဘူး။ တစ်ခါတစ်လေ လည်းများတတ်တယ်။  ဒီနှစ်ပိုင်းအတွင်းတော့ များလာတယ် ။ သိသိသာသာကို များလာတာပါ။” သီတာ ဆရာဝန်၏ အမေးကို ပြန်ဖြေလိုက်သည်။
“သွေးဆင်းတာ များရင် သွေးအားနည်းတတ်တယ်။ သံဓာတ်ပါတဲ့အားဆေး တွေ ပြန်သောက်ပေးရမယ် ။  ”
” အားဆေးတော့သောက်ပါတယ်။ သံဓာတ်များတဲ့ အားဆေး တော့ မသောက်ဖြစ်ဘူး  ”
”  သံဓာတ်ပါတဲ့ အားဆေးကိုပဲ အဓိက သောက်ပေးပါ။ အမျိုးသမီးတွေမှာ သွေးအားနည်းရောဂါ ဖြစ်ပွားတတ်တော့ သံဓာတ်ပါတဲ့ အားဆေး သောက်သုံးသင့်ပါတယ် ”
”  ဟုတ်ကဲ့ပါ ”
” ဒါအပြင် သမီးကို အမျိုးသားဟော်မုန်း များနေတဲ့အတွက် အမျိုးသားဟော်မုန်းကို နည်းစေတဲ့ ဆေး ပေးလိုက်မယ်။  ”
”  ဟုတ်ကဲ့ပါ  ”
”  အရမ်းဆိုးနေလား ဒေါက်တာ  ”
”  အခုလောလောဆယ်တော့ အလုံးလေးတွေက သေးသေးလေးတွေပဲ ရှိသေးတယ်။ 1 cm ကျော်တဲ့ အလုံးတွေ မရှိသေးဘူး။ ဒီအလုံးတွေ ရှိတဲ့အတွက် ကလေး မရတာ မျိုးဖြစ်တတ်ပါ တယ်။ ဒါကြောင့် အိမ်ထောင်ပြုမယ်ဆိုရင်လည်း လာ ပြပါ။ ကလေး ယူမယ်ဆိုရင် ကလေး ရအောင် ဆေး တွေ သောက်ရမှာမို့လို့ ပြန်လာပြရပါမယ်”  ဆရာဝန်သည် သီတာ ကို အေးအေး ဆေး ဆေး ရှင်းပြပါသည်။
သီတာသည် ဆေးခန်းမှ ပြန်ထွက်လာသည်။ ရာသီသွေး အများကြီး ဆင်းနေကတည်းက ဆေးခန်းလာမပြမိသည်ကို နောင်တ ရချင်သလိုလို။  အခုလည်း ရောဂါက မဆိုးသေးပါဘူးဟု ပြောလိုက်သည်ကို ပြန်ကြားယောင်ရင်း ကိုယ့်ကိုကို နှစ်သိမ့်လိုက်သည်။ ဆရာဝန်ပေးသော ဆေးများသောက်ကာ ရပ်ချိန်းကြရင် ပြန်ပြရမည်။ ပုံမှန် ထက် သွေးဆင်းတာ များရင် ဆရာဝန်နှင့် ပြသင့်ကြောင်း အသိမိတ်ဆွေ မိန်းကလေးများအား ပြောပြရမည်ဟု ဆုံးဖြတ်လျှက် အိမ်သို့ ခြေလှမ်းများကို ဦးတည်လျှက်။
Dr. အေးချမ်းမိုး

မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။

Comments