ကလေး လိုချင်သလား


မောင်အေးသည် ဦးလူဌေးကို မြင်ကတည်းက ဒေါက်တာ စိုးသန်းအား လှမ်းအော်ပြောလိုက်သည်။
” ဆရာရေ ဦးလူဌေး တစ်ယောက်တော့ မဂ္ဂဇင်းစာအုပ်ကြီးကိုင်ပြီး လာနေပြီနော်ဆရာ။   ”
” သူ မေးစရာရှိလို့နေမှာပေါ့။ သူမေးတော့လည်း ကျွန်တော်လည်း ဗဟုသုတ ရတယ်။  ” ဒေါက်တာ စိုးသန်းသည် ဦးလူဌေးကို ကြိုရန် အခန်းပြင်သို့ထွက်လိုက်သည်။
” သူမေးတာတွေက အထူးအဆန်းတွေ ချည်းပဲနော် ဆရာ ” မောင်အေးအတွက်တော့ ဦးလူဌေး မေးခွန်းတွေ သည် အံသြော် မင်သက်စရာများပင်။
“သူက Time မဂ္ဂဇင်းဖတ်ပြီး လာဆွေးနွေးတာ။   ”
” ကျွန်တေ်ာလည်း သူပြောတာတွေ သိပ်တော့ နားမလည်ပါဘူးလေ။ ”
ဦးလူဌေးသည် ဆိုက်ကားခ ရှင်းပြီးဆေးခန်းထဲသို့ သွက်လက်စွာဝင်လာသည်။
” လူနာ ရှင်းချိန်ပဲ လာခဲ့တယ်ဆရာရေ။  ”
” ဒီမှာ ဆေးခန်းတောင် ပိတ်တော့မယ် ” မောင်အေးက ဦးလူဌေးကို စောစောလာရန် သွယ်ဝိုက်ပြောလိုက်သည်။ ဆေးခန်းပိတ်တာ နောက်ကျလျှင် အိမ်ပြန်နောက်ကျမည်။
” ပြောပါ ဦး။ ဒီတစ်ပတ် ဘာတွေများ သတင်းထူးပါလာသလဲ ” ဦးလူဌေး အတွက် စကားကြောင်းပေးလိုက်သည်။
“ဒီမှာ ဆရာရေ။ January လထုတ် မဂ္ဂဇင်းမှာ ဆေးပညာနဲ့ ပတ်သတ်ပြီးသတင်းထူး တစ်ခု ပါလာတယ်။  ”
” အမေရိကားမှာ သားအိမ်ကို Transplant လုပ်လို့ရပြီ ဆရာ။ ပြီးတော့ Transplant လုပ်ထားတဲ့ ကလေးတောင် မွေးပြီးသွားပြီတဲ့။ ”
”  ဟုတ်လား။ ကျွန်တော် ဖတ်ကြည့်လိုက်ဦးမယ်”
ဒေါက်တာ စိုးသန်းသည် ဦးလူဌေးလက်ထဲမှ Time မဂ္ဂဇင်းကို ယူဖတ်လိုက်သည်။
ဆရာဝန်ဆို သည်မှာလည်း အလုပ်များသည်။ ပြင်ပစာအုပ်ဖတ်ဖို့ အချိန် မနည်းပေးရသည်။ ဦးလူဌေးလိုမျိုး  လာဆွေးနွေးသည့် ရှိနေသည်ကိုပင် ဒေါက်တာ စိုးသန်းတစ်ယောက် စိတ်ကျေနပ်ရသည်။
“သားအိမ်မပါတဲ့ အမျိုးသမီးတွေ သားအိမ်ပါပေမဲ့လည်း ကင်ဆာကြောင့် သားအိမ်ထုတ် ပစ်လိုက်ရတဲ့ အမျိုးသမီးတွေ ရှိတယ်။ သူတို့တွေ အိမ်ထောင်ပြု ပြီး ကလေးယူချင်တဲ့အခါ သားအိမ်မရှိတဲ့ အတွက် သားအိမ် အစားထိုးအလှူခံလိုက်တယ်။ ပြီးရင် ကလေးမွေးလို့ရပြီပေါ့နော်  ”
” ဒီခေတ်ကြီးထဲမှာ ကလေးတွေ မွေးစားလို့လည်း ရတယ်။ နောက်ပြီးတော့ အဌား ကိုယ်ဝန်ဆောင်လို့လည်း ရနေတဲ့ ခေတ်ကြီးထဲမှာ သားအိမ် အစားထိုးတာက အံသြော်စရာပဲနော် ”
”  သူများကလေးထက် ကိုယ်ရင်သွေးကိုပဲ ပိုလိုချင်လို့ပေါ့။ နောက်တစ်ခု က အဌားကိုယ်ဝန်ဆောင်တာထက် စာရင် မိခင်တစ်ယောက် ဖြစ်ချင်လို့ပါ။ ကိုယ့်ရင်သွေးကို ကိုယ်ဝမ်းတွင်းမှာ ကိုးလလွယ်ပြီး ကိုယ်ကိုတိုင်ပဲ မွေးဖွားချင်တဲ့ မိခင်တွေရဲ့စိတ်ဆန္ဒကို ဖြည့်ဆည်းပေးလိုက်တာပေါ့။”
” တစ်ချို့များ ကလေး မလိုချင်လို့ ကလေးဖျက်ချတဲ့သူတွေနဲ့။ သူတို့ဆီမှာတော့ ကလေးလိုချင်လို့ သားအိမ်အစားထိုးကြတယ်း။   ” ဦးလူဌေးက သူ့အမြင်ကို ပြောသည်။
” သားအိမ်လှူတဲ့ အမျိုးသမီးတွေရဲ့ စိတ်ဓာတ်ကလည်း လေးစားစရာ သိပ်ကောင်းတယ်နော်။  တစ်ယောက်ဆိုရင် ကလေးနှစ်ယောက် မွေးပြီးတဲ့ အတွက် သူ့လိုပဲ မိခင်ဖြစ်ချင်တဲ့ သူလူတစ်ယောက်ကို လှူတယ်ဆိုတာ တော်ရုံလူ မလုပ်နိုင်တဲ့ လုပ်ရပ်မျိုးပဲ။ ”
” ဟုတ်တယ်။  ”
” လှူမယ် လူက ၄၀၀ ကျော်လောက်ရှိပြီး အလှူခံချင်တဲ့သူ က ၁၀၀၀ ကျော်လောက်ရှိတယ်တဲ့နော်။  ”
” ဟုတ်တယ် ဦးရေ။  ”
”  ကျွန်တော် သိချင်တာက အမြဲ အောင်မြင်သလားဆိုတာပဲ  ” ဦးလူဌေးသည် ဒီမေးခွန်းကို မေးချင်သည့်အတွက် ဒေါက်တာ စိုးသန်းဆီသို့ရောက်လာခြင်းပင်ဖြစ်သည်။
” Organ Transplant လို့ခေါ်တာပေ့ါ။ မလှူခင်မှာ လှူမဲ့သူနဲ့ အလှူခံမဲ့သူရဲ့ ခန္ဓာကိုယ်တွင်း မှာရှိတဲ့ သွေးအုပ်စုတွေ အစပြုလို့ တိုက်ညီမှု ရှိမရှိတွေ လုပ်ရပါတယ်။ ကျွန်တော်တို့ ကျောက်ကပ် အစားထိုးသလိုမျိုး နဲ့ တူပါတယ်။ ရောဂါပိုးမွှားဝင်မှာတွေ။ ခန္ဓာကိုယ်က လက်မခံလို့ ထည့်ထားတဲ့ သားအိမ် ပျက်စီးသွားတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ရာနှုန်းပြည့် အောင်မြင်တယ်လို့တော့ ပြေလို့မရသေးပါဘူး။  ”
”  အစားထိုးကုသမှုဆိုတာ လွယ်မှ မလွယ်တာလေ။ ”
ဒေါက်တာ စိုးသန်းသည် တစ်ခြား သားအိမ် အစားထိုးကုသမှု သတင်းများကို ဖုန်းထဲမှ အမြန်ဝင်ဖတ်လိုက်သည်။
” ပထမဆုံးစပြီး အစားထိုးမှုလုပ်တာကတော့ Sweden မှာ စလုပ်တာပါ။  ဆွီဒင် အမျိုးသမီးမှာ မွေးရာပါ သားအိမ်ပါမလာဘူး။ သူတို့နဲ့ မိသားစုချင်းရင်းနှီးတဲ့ အသက် ၆၁  အမျိုးသမီးက သားအိမ်လှူလိုက်တာ။ သွေးဆုံးသွားတာတေ့ာ  ၇ နှစ်လောက် ရှိနေပြီ။ သားအိမ်ကို လှူလို့တော့ ရသေးတယ်။ ပထမဆုံးက သားအိမ်အလှူခံမဲ့ အမျိုးသမီးရဲ့ မျိုးဥနဲ့ အမျိုးသားရဲ့ Sperm ကို အပြင်မှာ In Vitro Fertilizatioin  နည်းပညာနဲ့ မျိုးဥတွေ အောင် အောင်လုပ်ပြီး  အရင်သိမ်းထားရတယ်။ ပြီးမှ သားအိမ်ကို အစားထိုးတယ်။ အစာထိုးပြီးတဲ့ အချိန်မှာ သားအိမ်ကို ကိုယ်ခန္ဓာက ပြန်ပြီး မတိုက် ထုတ်အောင် ကိုယ်ခံအားကို လျော့ထားရတာပေါ့”
” ကျောက်ကပ်အစားထိုး ကုသမှုခံယူ တဲ့အတိုင်းပေါ့နော်။  ” ဦးလူဌေးကား ဗဟုသုတ ပြည့်စုံသူ ဖြစ်သည်။
ဆေးပညာကိုလည်း စိတ်ဝင်စားသူဖြစ်သည်။ ထို့ကြောင့်လည်း ဆေးပညာနှင့်ပတ်သတ်သည်များကို အမြဲ လေ့လာ နေသူဖြစ်သည်။
”  ဟုတ်တာပေါ့။ ”
”  တစ်နှစ်လောက်နေတော့ အပြင်မှာ သိမ်းထားတဲ့ မျိုးအောင်ထားတဲ့ သန္ဓေသားလောင်းကို ဗိုက်ထဲ ပြန်ထည့်လိုက်တယ်။  ထည့်လိုက်တဲ့ အချိန်မှာလည်း အဆင်ပြေပါတယ်။ မိခင်က ကိုယ်ဝန်အဆိပ်တက်လို့ ကလေးကို ၃၂ ပတ်နဲ့တော့ ဗိုက်ခွဲ မွေးလိုက်ရတယ်။  အခုတော့ ကလေးရော လူကြီးရော ကျန်းကျန်းမာမာနဲ့ အဆင်ပြေပါတယ်.”
” ကြားရတာ ဝမ်းသာဖို့ကောင်းလိုက်တာ ”
” အခုတော့ US မှာရော တခြားနိုင်ငံတော်တော်များများမှာပါ သားအိမ်အစားထိုးကုသမှုလုပ်ပြီး ကလေး မွေးဖွားလို့ရနေပြီနော် ”
” ဆေးပညာ ရဲ့အံမခန်းတိုးတက်မှုတွေပေါ့လေ။   ”
” ကျေးဇူးပါပဲဆရာရေ။ ဆရာတို့လည်း ပြန်ရဦးမယ်။ ကျွန်တော့်ကို ခွင့်ပြုဦး ”
ဦးလူဌေးသည် နှုတ်ဆက်ကာ ထွက်သွားတော့သည်။ မောင်အေးသည် တံခါးပိတ်ရင်း ပြောလိုက်သည်။
” ဗဟုသုတ တိုးတယ်နော်ဆရာ ”
”  ဟုတ်တယ်။  နောက် လလည်း မဂ္ဂဇင်းကြီးကိုင်ပြီး  ဲ လာဦးမယ်ထင်တယ်။”
ဒီနေ့တော့ ဆေးခန်းပိတ်တာ နောက်ကျသွားပြီ။
လရောင်ကား ထိန်ထိန်သာနေသည်။
“ဒီနေ့ လပြည့်နေ့လား မောင်အေး  ”
” ဟုတ်ကဲ့ ဆရာ ”
ပတ်ဝန်းကျင်၏ တိတ်ဆိတ်မှုနှင့် အတူ အေးချမ်းမှုကိုပါ ရရှိလိုက်သည်။
Dr. Aye Chan Moe


မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။

Comments