အမျိုးသား သားကြောဖြတ်ခြင်း အကြောင်း


အမျိုးသား သားကြောဖြတ်ခြင်း အကြောင်း
သားကြောဖြတ်တယ်လို့ပြောလိုက်ရင် အများစုအနေနဲ့က ကိုယ်ဝန်မရအောင် အမျိုးသမီးသားကြောဖြတ်တာကိုပဲ အသိများကြပါတယ်။
သားကြောဖြတ်တာဟာ အမျိုးသမီးတွေမှာသာမက အမျိုးသားတွေမှာလည်း လုပ်နိုင်ပါတယ်။
အမျိုးသားသားကြောဖြတ်ခြင်းကို Male sterilization သို့မဟုတ် Vasectomy လို့ခေါ်ပါတယ်။
အကြမ်းအားဖြင့်ပြောရရင် ကိုယ်ဝန်ဖြစ်ဖို့အတွက် အမျိုးသားဆီကသုတ်ကောင် နဲ့ အမျိုးသမီးဆီက မမျိုးဥတို့ဟာ သားအိမ်ထဲမှာ ပေါင်းစပ်ကြရပါတယ်။
သုတ်ကောင်တွေကို ကျွန်တော့်တို့ရဲ့ ကပ်ပယ်အိတ်ထဲမှာရှိတဲ့ ဝှေးစေ့နှစ်လုံးကနေထုတ်ပေးပြီး လိင်စိတ်ဖြစ်တဲ့အခါ ဝှေးစေ့တွေထဲမှာရှိတဲ့သုတ်ကောင်တွေဟာ သုတ်ပို့ပြွန်ကနေ တဆင့် လိင်တံထဲကို ရောက်ရှိလာပါတယ်။
အမျိုးသားသားကြောဖြတ်တယ်ဆိုတာဟာ သုတ်ကောင်တွေ လိင်တံထဲရောက်မလာအောင် သုတ်ပို့ပြွန်ဆိုတဲ့ ပြွန်လေးကို ဖြတ်တောက်ပြီး ချည်တာ သို့မဟုတ် ပိတ်လိုက်တာ ဖြစ်ပါတယ်။
အမျိုးသားသားကြောဖြတ်တာ (Vasectomy) နဲ့ သင်းကွပ်တာ (Castration) နဲ့အတူတူပဲလို့ တချို့တွေက ထင်တတ်ကြပါတယ်။
နှစ်ခုလုံးက ကလေးမရနိုင်တာကို ဖြစ်စေပေမယ့် လုပ်ပုံလုပ်နည်းရော၊ခံစားရမယ့် နောက်ဆက်တွဲဆိုးကျိုးတွေရောက မတူပါဘူး။
ပြောရရင်
အမျိုးသားသားကြောဖြတ်တယ်ဆိုတာဟာ သုတ်ပို့ပြွန်ကိုပဲ ဖြတ်တောက်ပြီး ချည်လိုက်တာဖြစ်ကာ သင်းကွပ်တယ်ဆိုတာဟာ ဝှေးစေ့နှစ်လုံးကို ဖယ်ရှားတာ သို့မဟုတ် ဖျက်စီးတာ ဖြစ်ပါတယ်။
သင်းကွပ်တဲ့အခါမှာ ဝှေးစေ့နှစ်လုံးမရှိတော့လို့ သို့မဟုတ် ပျက်စီးသွားတဲ့အတွက် ကလေးမရနိုင်တာအပြင် ခန္ဓာကိုယ်အတွင်း ကျားဟော်မုန်း (Testosterone) ဓါတ်ပမာဏပါ အလွန်နဲသွားတဲ့အတွက် လိင်စိတ်ဆန္ဒအားနဲတာ၊ လိင်ပိုင်းဆိုင်ရာမစွမ်းဆောင်နိုင်တာ၊ သုတ်ရည်အထွက်နဲတာ သို့မဟုတ် မထွက်တော့တာ၊ အမျိုးသားတန်မဲ့ရင်သားကြီးလာတာ၊ ယောက်ျားပီသမှုမရှိတော့တာ၊ အရိုးပွလာတာ စတဲ့ဆိုးကျိုးများစွာခံစားရနိုင်ပါတယ်။
သားကြောဖြတ်တာကတော့ ဝှေးစေ့နှစ်လုံးကို မထိခိုက်စေဘဲ သုတ်ပို့ပြွန်ကိုပဲ ဖြတ်တောက်ပြီး ချည်တာဖြစ်လို့ ကလေးမရနိုင်ပေမယ့် လိင်စိတ်ဖြစ်ပေါ်မှု၊ ယောက်ျားပီသမှု၊ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်နိုင်မှု စတဲ့အချက်တွေပေါ်မှာ ပြောင်းလဲထိခိုက်တာမျိုး မရှိပါဘူး။
သားကြောဖြတ်ပြီးတဲ့ အမျိုးသားတွေဟာ သုတ်လွှတ်တဲ့အထဲမှာ သုတ်ကောင်မပါတာကလွဲရင် တခြားဘာမှထိခိုက်တာမရှိဘဲ အရင်ကလို လိင်ဆက်ဆံနိုင်၊ သုတ်လွှတ်နိုင်ပါတယ်။
သုတ်ရည်အထွက်နဲသွားတာ၊ လိင်စိတ်နဲသွားတာ၊ စွမ်းဆောင်ရည်ကျသွားတာမျိုးတွေ မဖြစ်ပါဘူး။
အမျိုးသားသားကြောဖြတ်ခြင်းလုပ်တဲ့အခါ မေ့ဆေး သို့မဟုတ် ထုံဆေးသုံးပြီး ဘယ်ညာပေါင်ခြံနှစ်ဖက်နေရာမှာ ဓါးရာပေးကာခွဲစိတ်ပါတယ်။ အချိန်အားဖြင့်တော့ နာရီဝက်လောက်ကြာတတ်ပါတယ်။
အများအားဖြင့်တော့ နောက်ဆက်တွဲဆိုးကျိုးနဲပေမယ့် ခွဲစိတ်မှုဖြစ်တဲ့အတွက် မေ့ဆေး၊ ထုံဆေးအန္တရာယ်ရှိတာ တခါတလေမှာ ခွဲစိတ်ပြီးနောက် ခွဲထားတဲ့နေရာသွေးထွက်တာ၊ ကယ်ပယ်အိတ်ကရောင်ရမ်းနာကျင်တာ၊ ခွဲထားတဲ့နေရာကနေပြည်တည်တာ၊ ဖျားတာ စသဖြင့် ဖြစ်နိုင်ပါတယ်။
ခွဲစိတ်ပြီးနောက်ဒီလိုတွေဖြစ်တယ်ဆိုရင်တော့ ခွဲပေးတဲ့ဆီ သို့မဟုတ် နီးစပ်ရာဆေးရုံဆေးခန်း ပြဖို့လိုပါတယ်။
အမျိုးသားသားကြောဖြတ်ပြီးတဲ့နောက်ဆယ်ရက်လောက်နေရင် လိင်ဆက်ဆံမှုပြန်လုပ်နိုင်ပါတယ်။
ဒါပေမယ့် အတူနေလိင်ဆက်ဆံတဲ့အခါ ကွန်ဒုံး သို့မဟုတ် သားဆက်ခြားသောက်ဆေး၊ထိုးဆေး စတဲ့သားဆက်ခြားနည်းတခုခုကို သုံးလကြာတဲ့အထိ သုံးဖို့လိုပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သားကြောဖြတ်လိုက်တယ်ဆိုပေမယ့် ဖြတ်လိုက်တဲ့သားကြောရဲ့တခြမ်းမှာ သုတ်ကောင်လက်ကျန်တွေရှိနေတတ်လို့ပါ။
သားကြောဖြတ်ပြီးတဲ့နောက် နှစ်လမြှောက်နဲ့ သုံးလမြှောက်မှာ သုတ်ရည်စစ်ဆေးမှု (Semen analysis) တကြိမ်စီ လုပ်ကြည့်ဖို့လိုပါတယ်။
ဒီလိုနှစ်ကြိမ် စစ်ဆေးကြည့်လို့ သုတ်ရည်ထဲသုတ်ကောင်မပါတော့ဘူးဆိုမှသာ သုံးလပြည့်တဲ့အခါ တခြားသားဆက်ခြားနည်းတမျိုးမျိုးမသုံးဘဲ လိင်ဆက်ဆံလို့ရမှာပါ။
သားကြောဖြတ်ပြီးလို့အကြောင်းကြောင်းကြောင့် ကလေးပြန်လိုချင်ရင် ဖြတ်လိုက်တဲ့သုတ်ပို့ပြွန်ဟိုဖက်ဒီဖက်ကိုပြန်ဆက်ပေးလို့ရပေမယ့် အဲ့လိုပြန်ဆက်လိုက်တဲ့အခါမှာ သုတ်ပို့ပြွန်ထဲမှာ သုတ်ကောင်တွေကိုတိုက်ခိုက်တဲ့ ဓါတ်တမျိုးထွက်လာတာကြောင့် သားကြောပြန်ဆက်ပေမယ့် ကလေးပြန်ရဖို့ခက်ခဲနိုင်ပါတယ်။
အမျိုးသားသားကြောဖြတ်ပြီးနောက် ကလေးလုံးဝမရနိုင်ပါလို့ ရာနှုန်းပြည့်အာမခံချက်ပေးမရပါဘူး။
လေ့လာမှုတွေအရ အမျိုးသားသားကြောဖြတ်ခြင်းပြုလုပ်သူ အယောက် ၅၀၀ ရှိရင် ၁ယောက်လောက်မှာ ဖြတ်ပြီးချည်ထားတဲ့သုတ်ပို့ပြွန်နှစ်ဖက်က အကြောင်းကြောင်းကြောင့် ပြန်ဆက်သွားနိုင်ခြေရှိလို့ပါ။
အဆုံးသတ်အနေနဲ့ပြောချင်တာကတော့ ကျွန်တော်တို့မြန်မာနိုင်ငံမှာ အမျိုးသားသားကြောဖြတ်ခြင်းကို ခုချိန်ထိ ဥပဒေအရ တရားဝင်ခွင့်ပြုထားခြင်းမရှိသေးပါ။
Dr . 528
မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။


https://mmsexhealth.blogspot.com/


Comments