ရာသီလာနေတုန်း လိင်ဆက်ဆံမိရင် ကလေးရနိုင်သလား

လူအတော်များများအနေနဲ့ကတော့ ရာသီလာစဉ်မှာ အတူနေလိင်ဆက်ဆံရင် ကိုယ်ဝန်မရနိုင်ဘူးလို့ပဲ သိကြပါတယ်။
ကိုယ်ဝန်ဆိုတာဟာ အမျိုးသမီးရဲ့ မမျိုးဥ နဲ့ အမျိုးသားရဲ့သုတ်ကောင်တို့ ပေါင်းစပ်မှသာ ဖြစ်လာတာပါ။
အများအားဖြင့်တော့ မမျိုးဥဟာ ရာသီလာဖို့ ၁၄ ရက်အလိုဝန်းကျင်လောက်မှာ မျိုးဥအိမ်ကနေ ကြွေလေ့ရှိပြီး သူ့သက်တမ်းဟာ တရက် (၂၄နာရီ) ပဲရှိပါတယ်။
အမျိုးသားရဲ့ သုတ်ပိုးသက်တမ်းကတော့ မိန်းမကိုယ်ထဲမှာ ၃ ရက်ကနေ ၅ ရက်အထိအသက်ရှင်နိုင်ပါတယ်။
၂၈ ရက်တကြိမ် ရာသီပေါ်တဲ့ အမျိုးသမီးမှာဆိုရင် မျိုးအောင်နိုင်ခြေများတဲ့ (ကိုယ်ဝန်ရနိုင်ခြေများတဲ့) ရက်တွေက ရာသီစလာတဲ့ရက်မှ ၁၁ ရက်မြှောက်နေ့ကနေ ၁၅ ရက်မြှောက်နေ့ အတွင်း ဖြစ်ပြီး
၃၀ ရက်တကြိမ် ရာသီလာတဲ့ အမျိုးသမီးဆိုရင် မျိုးအောင်နိုင်ခြေများတဲ့ (ကိုယ်ဝန်ရနိုင်ခြေများတဲ့) ရက်တွေက ရာသီစလာတဲ့ရက်မှ ၁၃ ရက်မြှောက်နေ့ကနေ ၁၇ ရက်မြှောက်နေ့အတွင်း ဖြစ်ပါတယ်။
ဒါကြောင့် ယေဘုယျအနေနဲ့ ပြောရရင်တော့ ရာသီလာနေစဉ်မှာ အတူနေလိင်ဆက်ဆံရင်
ကိုယ်ဝန်ရနိုင်ခြေ နည်းပါတယ်။
ဒါပေမယ့် လုံးဝမရနိုင်ပါဘူးလို့ အာမခံပြောလို့တော့မရပါ။
ဘာဖြစ်လို့လဲဆိုတော့ ရာသီစက်ဝန်းတိုတဲ့ အမျိုးသမီးတွေမှာ (၂၁ ရက်နဲ့ ရာသီပေါ်တဲ့အမျိုးသမီးတွေမှာ) ဆိုရင် မျိုးဥကြွေတာဟာ ရာသီပြီးခါနီးရက် သို့မဟုတ် ရာသီလာပြီး နောက် ရက်နားတဝိုက်လောက်မှာ ဖြစ်တတ်လို့ပါ။
အဲ့အခါမှာကျ ရာသီလာတုန်း လိင်ဆက်ဆံတာဆိုပေမယ့် ဘာတားနည်းမှမသုံးရင် သုတ်ပိုးဟာ မမျိုးဥနဲ့တွေ့ပြီး ပေါင်းစပ်ကာ ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။
သုတ်ပိုးက မိန်းမကိုယ်ထဲမှာဆိုရင် ၃ ရက်ကနေ ၅ ရက်လောက်ထိ အသက်ရှင်နိုင်တာကိုလည်း ထည့်စဉ်းစားဖို့ လိုပါတယ်။
ဒါ့အပြင် ရာသီလာတဲ့ရက်မမှန်တဲ့ အမျိုးသမီးတွေမှာဆိုရင်လည်း မျိုးဥကြွေရက်က အမျိုးမျိုးဖြစ်နိုင်တဲ့အတွက် ထိုအမျိုးသမီးတွေအနေနဲ့ ရာသီလာနေတုန်း လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။
တချို့ကျ န်းမာရေးဗဟုသုတနည်းတဲ့ အမျိုးသမီးတွေဆိုရင် အရေးပေါ်တားဆေးကြောင့် သွေးဆင်းတာ၊ သားအိမ်ထဲက အသားလုံး၊ ရေအိတ်စတဲ့ အကြောင်းတခုခုကြောင့် သွေးဆင်းတာကို ရာသီပေါ်တယ်လို့ ယူဆတတ်ကြပါတယ်။
အဲ့လိုယူဆပြီး ကိုယ်ဝန်မရနိုင်ဘူးထင်ကာ အတူနေလိင်ဆက်ဆံပါက ကိုယ်ဝန်ရနိုင်ခြေများပါတယ်။
ဒါကြောင့် အဆုံးသတ်အနေနဲ့ အကြံပေးချင်တာက ရာသီလာနေစဉ် လိင်ဆက်ဆံရင်
ကိုယ်ဝန်ရနိုင်ခြေနည်းပေမယ့် လုံးဝမရနိုင်ပါဘူးလို့တော့ အာမခံပြောမရတဲ့အတွက် ရာသီလာနေတုန်း လိင်ဆက်ဆံပါက ကွန်ဒုံးသုံးပါလို့ အကြံပေးချင်ပါတယ်။
ကွန်ဒုံးသုံးခြင်းဖြင့် ကိုယ်ဝန်ကို ကာကွယ်ပြီးသားဖြစ်သလို ရာသီပေါ်စဉ်မှာ သွေးဆင်းများတာကြောင့် တခြားအချိန်တွေမှာထက် လိင်ဆက်ဆံရာမှတဆင့် ကူးစက်ရောဂါဖြစ်ပွားနိုင်ခြေများတာကိုလည်း ကာကွယ်နိုင်ပါတယ်။
Dr 528


မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။

မျိုးဆက်ပွားကျန်းမာရေး ပို့စ်များကို Application မှာစုစည်းထားပေးလို့ အလွယ်တကူဖတ်ရှုနိုင်ပြီ။ အောက်ပါ link မှာ Download ဆွဲပြီး Install ပြုလုပ်နိုင်ပါသည်။
http://bit.ly/2kyts4o

Comments