အမျိုးသမီးများအတွက် မပေါ့ဆသင့်သော ကင်ဆာလက္ခဏာတွေက ဘာတွေလဲ


အမျိုးသမီးတွေအနေနဲ့ အမျိုးသားတွေထက် ပိုမိုပြီးသတိထားရမယ့် ကျန်းမာရေးပြဿနာတွေ ရှိပါတယ်။ သင့်ကိုယ်သင် အမြဲဂရုစိုက်ပြီး အောက်ပါလက္ခဏာတွေ ရှိ၊ မရှိ စောင့်ကြည့်ပေးဖို့ လိုပါလိမ့်မယ်။
(၁)     ရင်သားပြောင်းလဲမှုများ
    ရင်သားအရေပြားများ ချိုင့်ဝင်ခြင်း၊ နု့ိသီးခေါင်း ချိုင့်ဝင်ခြင်း၊ နို့သီးခေါင်းမှ သွေး/အရည်ကြည်များ ထွက်ခြင်း၊ ရင်သားအရေပြား နီရဲခြင်း/အကြေးခွံများဖြစ်ခြင်းတို့ ဖြစ်ပေါ်ပါက ကျန်းမာရေးစစ်ဆေးမှုများ လိုအပ်ကြောင်း ပြသနေတာမို့ ဆရာဝန်နဲ့ အမြန်ဆုံး တွေ့ဆုံသင့်ပါတယ်။
(၂)     လေပွခြင်း
    လေပွတိုင်း စိုးရိမ်ရမလားရယ်တော့ မဟုတ်ပါဘူး။ အမျိုးသမီး တော်တော်များများအနေနဲ့ ပုံမှန်အတိုင်းကို လေပွလေ့ရှိကြပါတယ်။ ဒါပေမဲ့ လေပွတာ ရက်အတော်ကြာနေပြီး သွေးဝမ်းသွားခြင်း၊ ပိန်လာခြင်း၊ ဗိုက်နာခြင်းတို့ပါ တွဲဖက်ဖြစ်ပေါ်ပါက မပေါ့ဆသင့်ဘူးနော်။
(၃)     ရာသီစက်ဝန်း တစ်ခုနဲ့တစ်ခုအကြား သွေးဆင်းခြင်း
    သွေးမဆုံးသေးသော အမျိုးသမီးများအနေဖြင့် ရာသီစက်ဝန်း တစ်ခုနဲ့တစ်ခုအကြား သွေးဆင်းတတ်ပါက မပေါ့ဆဘဲ ဆရာဝန်နဲ့ပြသဖို့ လိုအပ်ပါတယ်။
(၄)     အရေပြားဆိုင်ရာ
    သင့်မှဲ့ဟာ အရွယ်အစားနဲ့ အရောင်ပြောင်းလဲလာတာ သတိထားမိပါသလား။ သင့်အရေပြားပေါ်မှာ အစက်အပြောက်များ ရုတ်တရက်ပေါ်လာခြင်းကော ရှိပါသလား။ ဒါဆိုရင်တော့ အရေပြားဆရာဝန်နဲ့ အမြန်ဆုံးပြဖို့ တိုက်တွန်းလိုပါတယ်။
(၅)     ဝမ်း သို့မဟုတ် ဆီးတွင် သွေးပါခြင်း
    ဝမ်းတွင် သွေးစများ တွေ့ရတတ်ခြင်းဟာ လိပ်ခေါင်းကြောင့်ဖြစ်နိုင်သလို အူမကြီးကင်ဆာရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါသေးတယ်။ ဆီးတွင် သွေးပါခြင်းကလည်း ဆီးအိမ် သို့မဟုတ် ကျောက်ကပ်တွင် ကင်ဆာဆဲလ်များ ဖြစ်ပေါ်နေသလား သံသယဖြစ်စရာပါပဲ။
(၆)     ပြန်ရည်ကျိတ်များကြီးခြင်း
    သွေးရောဂါဆိုင်ရာ ကင်ဆာတွေကြောင့် သင့်ပြန်ရည်ကျိတ်များကို ရောင်ရမ်းကြီးထွားလာစေပါတယ်။ ဒါကြောင့် သင့်ကိုယ်တစ်နေရာတွင် တစ်လထက် ပိုပြီး အကျိတ်အလုံးများ ဖြစ်ပေါ်ပါက ဆရာဝန်ဆီ အမြန်ပြေးပါ။
(၇)     အစာမျိုရခက်ခဲခြင်း
    တစ်ခါတလေ အစာမျိုရခက်တာမျိုး လူတိုင်းနီးပါး ဖြစ်ဖူးကြပါတယ်။ ဒါပေမဲ့ မကြာခဏ အစာမျိုရခက်ခြင်းနဲ့အတူ ပိန်လာခြင်း၊ အန်ခြင်းတို့ ဖြစ်ပေါ်ပါက အစာရေမျိုနဲ့ အစာအိမ်ကင်ဆာ စစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်။
(၈)     အလိုအလျောက် ကိုယ်အလေးချိန်ကျခြင်း
    အစာ လျှော့စားခြင်း၊ အားကစားပြုလုပ်ခြင်းမရှိဘဲ ဆယ်ပေါင်ခန့် အလိုလို လျော့ကျသွားခြင်းကို ဆိုလိုပါတယ်။
(၉)     ရင်ပူခြင်း
    အစပ်များ စားခြင်း၊ စိတ်ဖိစီးခြင်း၊ ဆေးလိပ်နဲ့အရက်များ သောက်ခြင်းကြောင့် ရင်ပူတတ်ပေမယ့် ၁ ပတ်လောက် အနေအစား ဆင်ခြင်ပါက သက်သာလာနိုင်ပါတယ်။ ဒါပေမဲ့ ရက်အတော်ကြာသည်အထိ ရင်ပူနေဆဲဖြစ်ပါက မပေါ့ဆသင့်ဘူးနော်။
(၁၀)     ပါးစပ်ဆိုင်ရာ ပြောင်းလဲမှုများ
    ပါးစပ်နဲ့ လျှာများတွင် အနာများ ဖြစ်ပေါ်လာပါကလည်း မပေါ့ဆသင့်သောလက္ခဏာတစ်ခုပါပဲ။
(၁၁)     ဖျားခြင်း
    နာတာရှည်ဖျားနာခြင်းမျိုးရှိပါကလည်း သွေးကင်ဆာ ရှိ၊ မရှိ စစ်ဆေးသင့်ပါတယ်။
(၁၂)     အားနည်းနုံးချိခြင်း
    ပုံမှန်လုပ်နေကျ လုပ်ငန်းဆောင်တာတွေကိုပါ မလုပ်နိုင်လောက်အောင် အားနည်းနေပါက ဆရာဝန်နဲ့ပြသဖို့ အကြံပေးလိုပါတယ်။
(၁၃)     ချောင်းဆိုးခြင်း
    တစ်လကျော်ကြာ ချောင်းဆိုးနေခြင်း ရှိပါသလား ဆန်းစစ်ပါ။
(၁၄)     နာကျင်ခြင်း
    သင့်ကိုယ်ခန္ဓာမှာ တစ်လထက်ကြာအောင် နာကျင်နေသောနေရာများ ရှိနေပါက စစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်။
(၁၅)     ဗိုက်နာခြင်းနဲ့ စိတ်ဓာတ်ကျခြင်း
    ရှားတော့ရှားပေမယ့် ဗိုက်နာခြင်းနဲ့အတူ စိတ်ဓာတ်ကျခြင်းကိုပါ ရင်ဆိုင်နေရပါက ပန်ကရိယကင်ဆာ ခံစားနေရခြင်း ဖြစ်နိုင်တာမို့ အမြန်ဆုံး စစ်ဆေးသင့်တယ်နော်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

https://mmsexhealth.blogspot.com/

မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။


Comments