ကွန်ဒုံးကို ဘယ်လိုစနစ်တကျသုံးရမလဲ။


ကိုယ်ဝန်တားနည်းတွေ အမျိုးမျိုးရှိတဲ့ထဲကမှ ကွန်ဒုံးသုံးခြင်းဟာ ဘေးထွက်ဆိုးကျိုးနည်းပြီး အကျိုးကျေးဇူးများတဲ့ သားဆက်ခြားနည်းဖြစ်ပါတယ်။
ကွန်ဒုံးသုံးခြင်းဖြင့် ကိုယ်ဝန်ရနိုင်ခြေကို ၉၈ ရာခိုင်နှုန်းထိ ကာကွယ်နိုင်တဲ့အပြင် အိတ်အိုင်ဗီပိုး၊ ဘီပိုး၊ စီပိုး၊ ကာလသားပိုး စတဲ့ လိင်မှတဆင့်ကူးစက်ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
ဒါပေမယ့် ကွန်ဒုံးသုံးတဲ့အခါမှာ သေချာစနစ်တကျသုံးမှသာ အဲ့အကျိုးကျေးဇူးတွေကိုရနိုင်မှာပါ။
ကွန်ဒုံးသုံးတာဟာ လွယ်ကူတယ်လို့ အများစုကထင်ကြပြီး တကယ်တမ်းမှာတော့ ကွန်ဒုံးသုံးနည်းကို စနစ်တကျသေချာသိတဲ့သူဟာ နည်းပါတယ်။
ဒါကြောင့် ဒီတပတ်မှာ ကွန်ဒုံးကို ဘယ်လိုစနစ်တကျ သုံးရမလဲဆိုတာကို ရေးသားတင်ပြချင်ပါတယ်။
၁။ ကွန်ဒုံးဝယ်တဲ့အခါ ကွန်ဒုံးပေါ်က သက်တမ်းရက်စွဲ (Expired date) ကို သေချာစစ်ပါ။ ရှက်ပြီး မစစ်ဘဲနေတာ မလုပ်ပါနဲ့။ သက်တမ်းလွန် ကွန်ဒုံးဖြစ်နေရင် မသုံးပါနဲ့။ စိတ်မချရပါ။
၂။ ကွန်ဒုံးကို ဆိုင်မှဝယ်လာပြီးရင် နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တဲ့နေရာမှာ ထားတာ၊ နေပူထဲမှာထားတာကို ရှောင်ပါ။ ခြောက်သွေ့ပြီး နေရောင်မထိတဲ့ နေရာမှာထားပါ။
၃။ ကွန်ဒုံးကို သုံးခါနီးမှသာ ဖောက်ပါ။ ကွန်ဒုံးတခုကို တကြိမ်ပဲသုံးပါ။
၄။ ကွန်ဒုံးအထုပ်ကို ဖောက်ရာမှာ သွားနဲ့ကိုက်ဖောက်တာ၊ ကတ်ကြေးနဲ့ ကိုက်ဖောက်တာ၊ ဓါးနဲ့လှီးဖောက်တာတွေ မလုပ်ပါနဲ့။ သတ်မှတ်ထားတဲ့နေရာကနေပဲ လက်နဲ့ဖြဲဖောက်ပါ။
၅။ ကွန်ဒုံးကိုဖောက်ပြီးပါက ကွန်ဒုံးမှာ အပေါက်အပြဲပါမပါ သေချာစစ်ကြည့်ပါ။ မတော်တဆ အပေါက်အပြဲပါခဲ့ရင် မသုံးပါနဲ့။
၆။ ထို့နောက် ကွန်ဒုံးထိပ်ထဲကို လက်ညိုးထည့်ပြီး မှန်ကန်သည့်ဘက် ဟုတ်မဟုတ်စစ်ဆေးပါ။ ကွန်ဒုံးထိပ်ဖျားဟာ ရာဘာနို့သီးခေါင်းပုံ ရှိရပါမယ်။
၅။ ကွန်ဒုံးစွပ်တော့မယ်ဆိုရင် ထိုရာဘာနို့သီခေါင်းကို လက်တဖက်က လက်ညိုးလက်မဖြင့် လေမခိုစေရန်ဖိညစ်ပြီး ရာဘာကွင်းပါတဲ့ဘက်ကနေ လိင်တံကိုစွပ်ပါ။ နောက်လက်တဖက်ကိုအသုံးပြုပြီး ကွန်ဒုံးကို လိင်တံအရင်းထိရောက်အောင် ဆွဲချပါ။
၆။ ကွန်ဒုံးသုံးတဲ့အခါမှာ ပိုသေချာအောင်ဆိုပြီး ကွန်ဒုံးကို နှစ်ထပ်စွပ်တာမလုပ်ပါနဲ့။ နှစ်ထပ်၊ သုံးထပ်စွပ်ပြီး သုံးတာက ကွန်ဒုံးပေါက်ဖို့အခွင့်အလမ်း ပိုများပါတယ်။
၇။ တချို့တွေအနေနဲ့ လိင်တူချင်းဆက်ဆံတဲ့အခါ၊ စအိုနဲ့ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးနဲ့အတူ ချောဆီတွေပါ တွဲသုံးလေ့ရှိပါတယ်။
အဲ့အခါမှာ သတိထားရမှာက သုံးတဲ့ချောဆီဟာ ရေကို အခြေခံထုတ်ထားတဲ့ (Water Based Lubricants) အမျိုးအစားဖြစ်ရပါမယ်။
အဲ့လိုမဟုတ်ဘဲ ရေနံကို အခြေခံထုတ်ထားတဲ့ Petroleum jelly, Mineral oil တွေသုံးမယ်ဆိုပါက အဲ့ချောဆီတွေက ရာဘာနဲ့လုပ်ထားတဲ့ ကွန်ဒုံးကို ပျက်စီးစေပြီး ကိုယ်ဝန်ရတာ၊ လိင်မှတဆင့် ကူးစက်တဲ့ရောဂါတွေ ကူးစက်ခံရတာမျိုးတွေ ဖြစ်နိုင်လို့ပါ။
၈။ လိင်ဆက်ဆံမှုပြီးပြီးချင်း လိင်တံမပျော့သွားမှီ မိန်းမကိုယ်ထဲက ထုတ်ပြီးကွန်ဒုံးကို ချွတ်ပါ။
အဲ့လိုမဟုတ်ဘဲ လိင်တံမှာ ကွန်ဒုံးစွပ်ရက်နဲ့ မိန်းမကိုယ်ထဲကနေမထုတ်ဘဲ မောမောနဲ့ အိပ်ပျော်သွားလို့ကတော့ လိင်တံပျော့သွားပြီး သုတ်ရည်ကကွန်ဒုံးထဲကနေမိန်းမကိုယ်ထဲရောက်သွားကာ ကိုယ်ဝန်ရသွားနိုင်ပါတယ်။
၉။ ကွန်ဒုံးချွတ်တဲ့အခါမှာ လိင်တံအောက်ခြေကနေ ဖိကိုင်ပြီး ဆွဲချွတ်ပါ။ ပြီးရင် ကွင်းကနေ ခေါက်တုံချည်ကာ အမှိုက်ပုံးထဲထည့်ပါ။ အိမ်သာထဲပစ်ချခြင်း မလုပ်ပါနဲ့။
ထို့နောက် လက်ဆေးပါ။
၁၀။ ကွန်ဒုံးသုံးရင် အစမှအဆုံး သေသေချာချာသုံးပါ။ ကွန်ဒုံးချွတ်ပြီးသွားမှ အဆစ်ပေးတဲ့အနေနဲ့ လိင်တံကို မအင်္ဂါမှာ ဟိုပွတ် ဒီပွတ်ပွတ်တာတွေ မလုပ်ပါနဲ့။

Comments