တစ်လုံးတည်း ရှိတဲ့အခါ


အခုတလော facebook မှာ ဥ တစ်လုံး ( ဝှေးစေ့ တစ်ခု) ဘယ်လောက်ဆိုပြီး စကြနောက်ကြတာတွေ တွေ့နေရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဥ တစ်လုံး ပဲ ရှိတဲ့သူတွေလည်း အများကြီး ရှိပါတယ်။
ဥ တစ်လုံး ( ဝှေးစေ့ တစ်ခုတည်း) ဖြစ်စေတဲ့ အကြောင်းတွေကတော့
၁) ဝှေးစေ့ က ကပ်ပယ်အိတ်အတွင်းမှာ မဟုတ်ဘဲ တခြား နေရာမှာ ရှိနေခြင်း
ကလေးငယ်တွေမှာ အဖြစ်အများဆုံး ပြဿနာတစ်ခုပါပဲ။ ဝှေးစေ့ဆိုတာ ကိုယ်ဝန်အပတ် ၁၀ ပတ်လောက်မှာ စဖြစ်လာတာပါ။ စဖြစ်တဲ့ နေရာက ကပ်ပယ်အိတ်ထဲမှာ မဟုတ်ပါဘူး။ ဗိုက်ထဲမှာပါ။ နောက် ကိုယ်ဝန်ပတ် ၂၈ ပတ်ကနေ မွေးခါနီးချိန်အတွင်းမှ ပေါင်ခြံနားက တဆင့် ကပ်ပယ်အိတ်ထဲကို ဆင်းသွားတာပါ။
တချို့ ကလေးတွေမှာကျ မဆင်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ မွေးကတည်းက မဆင်းတဲ့ ကလေးတွေမှာဆို များသောအားဖြင့် ကလေး အသက် ၁ နှစ်အတွင်းမှာ သူ့အလိုလို ဆင်းသွားတာ များပါတယ်။ မဆင်းရင်တော့ ကလေးအသက် ၅ နှစ်လောက်မှာ ခွဲစိတ်မှု ပြုလုပ်ရပါတယ်။ မပြုလုပ်ရင် လိမ်သွားတာမျိုး ၊ ကင်ဆာအဖြစ် ပြောင်းလဲသွားတာမျိုးတွေ ဖြစ်လာနိုင်လို့ပါ။
၂)ခွဲစိတ် ဖြတ်တောက်ခြင်းတွေ
ဝှေးစေ့မှာ ကင်ဆာရောဂါလိုမျိုးတွေ ဖြစ်လာလို့ ကုသမှု ခံယူတဲ့အနေနဲ့ ခွဲစိတ်ပြီး ဖြတ်ထုတ်ရတတ်ပါတယ်။
၃)ထိခိုက် ဒဏ်ရာ ရခြင်းကြောင့်
စာရေးသူ အလုပ်သင်ဆရာဝန် အဖြစ် ဆေးရုံဆင်းခဲ့စဉ်ကပင် ကွမ်းသီးကြိတ်ဓားကို ပေါင်ကြားထဲ ထည့်ထားပြီး စဉ်းရာကနေ ဝှေးစေ့ပါ မှားပြီး ပါသွားတဲ့ လူနာမျိုး ကြုံခဲ့ဖူးပါတယ်။ ဒါမှမဟုတ် ခွဲစိတ်မှုတွေ ပြုလုပ်ရင်း ဝှေးစေ့ကို သွားတဲ့ သွေးကြောတွေ ထိခိုက်သွားတာမျိုးတွေမှာလည်း ဝှေးစေ့ဟာ သွေးကောင်းကောင်း မရတော့ဘဲ အလုပ်မလုပ်တော့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။
ဝှေးစေ့ တစ်လုံးတည်း ရှိတဲ့အခါ ဘာတွေ ဖြစ်လာနိုင်သလဲ
ကိုယ်ခန္ဓာမှာ တချို့ အင်္ဂါ အစိတ်အပိုင်းတွေက ၂ ခု တစ်စုံအဖြစ် ပါရှိလာပါတယ်။ ဥပမာ ကျောက်ကပ် ၊ အဆုတ် ၊ ဝှေးစေ့ အစရှိသဖြင့်ပေ့ါ။ အဲဒီလို အင်္ဂါတွေဟာ တစ်ခုတည်း ထုတ်လိုက်ရပေမယ့် ကျန်တဲ့ တစ်ခုကတော့ အလုပ်ကောင်းကောင်း လုပ်နေနိုင်ပါတယ်။ ဝှေးစေ့ တစ်ခုတည်း ရှိတဲ့ အခါမှာလည်း ကျန်တဲ့ ဝှေးစေ့ တစ်ခုက အလုပ်ကောင်းကောင်းလုပ်နေရင် ကလေးရနိုင်ချေ ရှိပါသေးတယ်။
ဒါပေမယ့် လေ့လာစမ်းသပ်ချက်တွေအရ ဝှေးစေ့ တစ်ခုတည်း ရှိတဲ့ သူတွေမှာ သုက်ကောင်ရေ ထုတ်နိုင်ချေ နည်းပါးသွားတဲ့အတွက် သုက်ပိုးနည်းပါးခြင်း ၊ သုက်ပိုးရဲ့ လှုပ်ရှားနိုင်မှု အားနည်းခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ တစ်ခါတစ်လေမှာ ထုတ်လိုက်တဲ့ ဖက် ဒါမှမဟုတ် ထိခိုက်ဒဏ်ရာ ရသွားတဲ့ ဖက်ကနေပြီး anti-sperm antibodies ဆိုပြီး ထွက်လာတတ်ပါတယ်။ အဲဒီ antibodies တွေကြောင့်လည်း သုက်ကောင်ရဲ့ ပမာဏနဲ့ လုပ်ငန်းဆောင်တာတွေကို လျော့ကျသွားစေနိုင်ပါတယ်။
နောက်ဆုံးတစ်ခုကတော့ အရေးကြီးဆုံးပါပဲ။ ဝှေးစေ့တစ်လုံး ဖြတ်လိုက်ရလို့ ကျန်တစ်လုံးက ကောင်းကောင်း အလုပ်လုပ်နေတယ်ပဲထား။ သုက်ကောင်ရေ အရေအတွက်က ပုံမှန်ထဲမှာပဲထား။ ကလေးရဖို့ ခက်ခဲတာ ဖြစ်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ မိမိမှာ ဝှေးစေ့ တစ်လုံးပဲ ရှိတယ်ဆိုတဲ့ စိတ်ဝင်နေလို့ပဲ ဖြစ်ပါတယ်။ အဲဒီစိတ်အစွဲကြီးက စိတ်ဓာတ်ကျမှုတွေကို ဖြစ်စေပြီး အမျိုးသား စွမ်းရည်ကို ကောင်းစွာ မစွမ်းဆောင်နိုင်တာ ၊ သုက်လွှတ်တဲ့ နေရာမှာ ပြဿနာ ရှိလာတာတွေ ဖြစ်စေနိုင်လို့ပါ။
Author : Dr. မျိုးဆက်
မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။

Comments