လိင်တံကနေ အနံ့ဆိုးထွက်စေတဲ့ အဓိကတရားခံ


အမျိုးသားတော်တော်များများမှာ ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုကတော့ လိင်တံမှာ မကောင်းတဲ့ အနံ့အသက်တွေ အမြဲထွက်နေတတ်တာပါပဲ။ ဒီလို မကောင်းတဲ့ ညှီနံ့တွေကို ဖြစ်စေတဲ့ တရားခံကို ပြောပါဆိုရင် လိင်တံအရေပြားအောက်မှာ ဖုံးနေတဲ့ အဖြူရောင်အရိအချွဲတွေနဲ့ အဖတ်တွေလို့ ဆိုရမှာပါ။ အထူးသဖြင့် လိင်တံထိပ်အရေပြားကို ဖြတ်မထားတဲ့ အမျိုးသားတွေ တစ်ကိုယ်ရေသန့်ရှင်းမှု မရှိတဲ့အခါမှာ ဒီအဖြူရောင်အဖတ်တွေ (Smegma) ဖြစ်လာပါတယ်။

ဘယ်ကနေ ဘယ်လိုစဖြစ်တာလဲ။

ထိပ်အရေပြား မဖြတ်ထားတဲ့အခါ လိင်တံထိပ်ရဲ့ ပတ်လည်ကို အရေပြားက အမြဲဖုံးနေပါတယ်။ အမျိုးသားတွေက အမြဲ အားကစား၊ လေ့ကျင့်ခန်းလုပ်တာ၊ လှုပ်လှုပ်ရှားရှားနဲ့ အပြင်ထွက်ပြီး သွားလာနေရတာကြောင့် ပေါင်ခြံနဲ့ လိင်တံတစ်ဝိုက်မှာ ချွေးတွေက အမြဲလိုလို ထွက်တတ်ပါတယ်။
ဒီအဖြူရောင်အရိအချွဲတွေ (Smegma) ဆိုတာ အရေပြားပေါ်က ပျက်စီးနေတဲ့ဆဲလ်အသေတွေ၊ အဆီတွေ၊ ဆီး၊ သုက်ရည်၊ ချွေး အစရှိတဲ့အရာတွေနဲ့ ပေါင်းမိပြီး ကြာလာတဲ့အခါ အရိအချွဲတွေ ဖြစ်လာပါတယ်။ ဒီအချိန်မှာ မကောင်းတဲ့ အနံ့ဆိုးတွေက စတင်ထွက်လာပါပြီ။ အဲ့လိုနဲ့ ကြာလာရင် အရိအချွဲတွေက မာလာပြီး အဖြူရောင်အဖတ်တွေ ဖြစ်လာကာ အနံ့တွေက ပိုဆိုးလာတာပေါ့။

ကိုယ့်မှာ Smegma ရှိနေပြီဆိုတာ ဘယ်လိုသိနိုင်မလဲ။

အမျိုးသားတွေဆိုရင် လိင်တံထိပ်အရေပြားကို အောက်ဆွဲချလိုက်တဲ့အခါ ထိပ်ဖူးရဲ့ ပတ်ပတ်လည်မှာ အဖြူရောင်အရိအချွဲတွေ၊ အဖတ်တွေ ကပ်နေတာကို မြင်ရမှာပါ။ မလိုင်ဖတ်တွေလို ပုံစံမျိုးဖြစ်နေတာ၊ အဖတ်တွေက အဖြူရောင်ဖြစ်နေတာ (တဖြည်းဖြည်း ကြာလာတဲ့အခါ အဖြူရောင်ကနေ အဝါညစ်ညစ်ရောင်ကို ပြောင်းသွားနိုင်ပါတယ်) ၊ မကောင်းတဲ့ အနံ့အသက်ဆိုးတွေ ထွက်လာတယ်ဆိုရင်တော့ ရှိတယ်ဆိုတာ သေချာနေပါပြီ။

အဖြူရောင်အဖတ်တွေကို သေချာမသန့်ရှင်းရင်ရော ဘာတွေဖြစ်နိုင်လဲ။

မကောင်းတဲ့ အနံ့တွေ ထွက်ရုံသက်သက်ပဲလို့ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ ဒီလိုအဖတ်တွေက လိင်တံအရေပြား ပတ်လည်မှာ ရှိနေတဲ့အခါ ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားဖို့ ပိုမိုလွယ်ကူတယ်။ ဒီတော့ ဆီးလမ်းကြောင်းထဲ ပိုးဝင်တာအပြင် လိင်ဆက်ဆံတဲ့အခါမှာ ကိုယ့်ရဲ့ အဖော်အတွက်လည်း မနှစ်သက်စရာ အနံ့ကြီးထွက်နေသလို သူ့ဆီကိုပါ ပိုးကူးစက်သွားနိုင်ပါတယ်။ ဒါ့အပြင် သန့်ရှင်းရေးလုံးဝမလုပ်ဘဲ ပစ်ထားလိုက်မယ်ဆိုရင်တော့ ကြာလာရင် ဒီအဖတ်တွေက မာသွားပြီး ယားယံတာ၊ နီရဲပြီး ရောင်နေတာအပြင် ထိပ်အရေပြားကို နောက်လှန်ဆွဲလို့ မရတော့တဲ့အခြေအနေ (Balanitis) ထိပါ ဖြစ်လာနိုင်ပါတယ်။

အဖြူရောင်အဖတ်တွေ ထွက်လို့ စိုးရိမ်စရာရှိလား။

ကိုယ်ခန္ဓါက အရေပြားကို ခြောက်သွေ့ယားယံတာမျိုး မဖြစ်စေဖို့ ချွေးပေါက်တွေကနေ သဘာဝအဆီ (Sebum) တွေ အမြဲထုတ်ပေးနေရပါတယ်။ ဒီတော့ ထိပ်အရေပြား မဖြတ်ထားတဲ့အခါ အမျိုးသားတော်တော်များများက အရေပြားအောက်ကို သန့်ရှင်းရေးလုပ်ဖို့ မေ့သွားတတ်တာကြောင့် အဖတ်တွေ ဖြစ်လာရတာပါ။ ရေချိုးတဲ့အချိန်ဖြစ်စေ၊ တစ်ကိုယ်ရေ အာသာဖြေတဲ့အချိန်မှာ အနံ့ဆိုးတွေ ထွက်နေတယ်ဆိုတာ သတိထားမိပြီဆိုရင်တော့ သေချာသန့်ရှင်းရေးလုပ်သင့်ပါပြီ။ စောစော ဖယ်ရှားလိုက်နိုင်ရင် ကျန်းမာရေးအတွက် ဘယ်လိုမျိုးဆိုးကျိုးမှ မဖြစ်စေနိုင်တာကြောင့် သိပ်ပြီး စိုးရိမ်စရာမလိုပါဘူး။

ဒါဆိုရင် ဘယ်လိုသန့်ရှင်းရေးလုပ်မလဲ။

ထိပ်အရေပြား ဖြတ်မထားတဲ့ အမျိုးသားတွေဆိုရင် ရေချိုးတဲ့အခါတိုင်း အရေပြားအောက်ကို သေချာသန့်ရှင်းပေးရပါမယ်။ သန့်ရှင်းတဲ့နေရာမှာလည်း ဆပ်ပြာအပျော့စားနဲ့ သေချာတိုက်ချွတ်ပြီးမှ ရေနဲ့ ပြောင်စင်အောင် ဆေးကြောပေးရုံပါပဲ။ ရေချိုးပြီးသွားတဲ့အခါတိုင်း ပေါင်ခြံ၊ လိင်တံတစ်ဝိုက်ကို သေချာ ခြောက်အောင် သုတ်ပေးရပါမယ်။ တခြား ဘယ်လိုအလှကုန်ပစ္စည်းမှ လိမ်းစရာတော့ မလိုအပ်ပါဘူး။ ကိုယ်ခန္ဓါက နေ့စဉ်နေ့တိုင်း အဆီတွေ၊ ချွေးတွေ ထွက်နေတာဖြစ်တဲ့အတွက် အပြင်က ပြန်လာတဲ့အခါတိုင်း၊ အားကစား ပြင်းပြင်းထန်ထန် လုပ်ပြီးတဲ့အချိန်တိုင်း အဝတ်အစားတွေကို ချွတ်ပြီး ရေသေချာချိုးဖို့တော့ လိုမယ်နော်။
ပုံမှန်အားဖြင့် စိတ်ပူစရာ ဖြစ်စဉ်တစ်ခုမဟုတ်ပေမဲ့ နေ့တိုင်းသန့်ရှင်းရေးလုပ်နေတဲ့ကြားက အဖတ်တွေ အမြဲကပ်နေတယ်၊ မကောင်းတဲ့ အနံ့ဆိုးတွေ အမြဲထွက်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသကြည့်ပြီး တခြားရောဂါတွေ ရှိ၊ မရှိကို စစ်ဆေးကြည့်တာ အကောင်းဆုံးပါပဲ။
ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။

Comments