လိင်အင်္ဂါ အရွယ်အစား ပြဿနာ


ဆွေးနွေးကြရအောင် စတင်စဉ်က လိင်အင်္ဂါ အရွယ်အစားနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ အယူအဆတွေ ရှိနေတယ်လို့ ဆရာပြောခဲ့ဘူးပါတယ်။ အဲ့အကြောင်းလေး ဒီအပတ်ဆွေးနွေးချင်ပါတယ် ခင်ဗျာ။
အမျိုးသားတစ်ဦးအနေနဲ့ သာမန်လူတစ်ယောက်ရဲ့ လိင်အင်္ဂါအရွယ်အစားကို အတိအကျသိမထားကြတော့ မိမိရဲ့ လိင်အင်္ဂါအရွယ်အစားဟာ သေးငယ်တယ်လို့ ထင်နေတတ်ကြတယ်။ အဲ့ဒီလို ထင်မြင်ယူဆမှုအရာကြောင့် မဖြစ်သင့်တာ ဖြစ်ရတဲ့ သာဓကတွေ အများကြီးရှိတယ်။
ဟုတ်ကဲ့ပါ ဆရာ။ ဆက်ပြီးရှင်းပြပေးပါဦး။
အထူးသဖြင့် လူငယ်လူရွယ်တွေပေါ့ဗျာ။ ညစ်ညမ်းစာအုပ်တွေ ဓာတ်ပုံတွေ၊ ဗီဒီယိုအခွေတွေ ကြည့်ကြတယ်။ အဲ့ဒီထဲက လိင်အင်္ဂါအရွယ်အစားတွေမြင်ကြတော့ မိမိရဲ့ အင်္ဂါဟာ အလွန်သေးငယ်သယောင်ထင်တတ်ကြတာ၊ ဒီတော့ လိင်အင်္ဂါကြီးချင်ကြတယ်။လူငယ်အချင်းချင်းပြောကြ၊ ဆိုကြတာ ရှိသေးတယ်။ ဒါကလည်း ပွင့်ပွင့်လင်းလင်း လိင်ကျန်းမာရေး ပညာပေးမှုက နည်းသေးတာကိုး အချင်းချင်း တိုးတိုးတိတ်တိတ် ပြောကြဆိုကြ ဆွေးနွေးကြတယ်။ အမျိုးသမီးက မိမိအပေါ်စွဲလန်းဖို့ လိင်အင်္ဂါ ကြီးထွားဖို့ လိုတယ်လို့ ထင်နေတတ်ကြတယ်။ လိင်အင်္ဂါအရွယ်အစားဟာ ယောင်္ကျား ပီသမှုအတွက် ပြယုဂ်လို့ ထင်နေတာမျိုးရှိတယ်။ သေးငယ်ရင် လူစဉ်မမီဘူး။ ယောင်္ကျား မပီသဘူးပေါ့ဗျာ။
သေးငယ်၊ ငယ်တယ်၊ ကြီးတယ်၊ ထွားတယ် ဆိုတာ ဘယ်လိုသတ်မှတ်နိူင်ပါသလဲ။
ဒါကတော့ နေရာတကာမှာ စံဆိုတာရှိတယ်။ Normal ပေါ့ဗျာ။ စံလွဲတာ Abnormal ဆိုတာရှိတယ်။ ရှိသင့်ရှိထိုက်တာထက် သေးငယ်တာဘဲ ဖြစ်ဖြစ်၊ ကြီးလွန်းတာဘဲဖြစ်ဖြစ် အဲ့ဒါ Abnormal ဘဲပေါ့။
ဒါဆိုရင် စံအရွယ်အစားပေါ့ ဆရာ။ Normal အရွယ်အစားဘယ်လောက် ရှိတတ်တယ်ဆိုတာ သိပါရစေ။
အမျိုးသားတစ်ယောက်ရဲ့ လိင်အင်္ဂါအရှည်ဟာ ရိုးရိုးသာမန်အချိန်မှာ ၂ လက်မနဲ့ ၄ လက်မအကြား ရှိရမယ်။ တောင့်တင်းချိန်မှာ ၄/၅ လက်မနဲ့ ၆/၅ လက်မကြားရှိသင့်တယ်။ ဒါဟာ သာမန်ဘဲလို့ ဆိုရမှာပါ။ တစ်ဆက်တည်း လူငယ်တွေလုပ်ရက်တစ်ချို့ကို ပြောချင်တယ်။ မိမိရဲ့ လိင်အင်္ဂါ အရွယ်အစားဟာ သာမန်ဖြစ်ပါလျက် သေးငယ်တယ်ထင်တယ်။ ဒီတော့ အဲ့ဒီအပေါ်မှာ စိတ်အားငယ်မှု ဖြစ်နေတတ်တယ်။ တချို့ဆိုရင် စိတ်ကျဝေဒနာ Depression ဖြစ်တဲ့ အခြေအနေအထိ ရောက်သွားတယ်။
တချို့က လိင်အင်္ဂါ ကြီးဖို့ ဆေးပင်ဆေးမြစ်တွေ လိမ်းကြတယ်။ အရေပြားနဲ့ ဓာတ်မတည့်တော့ ယားတတ်ရောင်တာတွေ ဖြစ်လာတယ်။ အဖုအပိန့်တွေ ထွက်လာတယ်။ နောက်အနာတွေ ဖြစ်ကုန်တယ်။ တချို့ကြတော့လည်း ကြားဖူးနားဝနဲ့ ဆရာဝန်တွေဆီလာပြီး “ကြီးဆေး” ထိုးချင်လို့ဆိုပြီး တောင်းဆိုတယ်။ တချို့နိူင်ငံတွေမှာဆီလို ပျစ်ပျစ်အရည်တွေ လိင်အင်္ဂါ ထဲထိုးပေးတယ်။ ယာယီတော့ လိင်အင်္ဂါတုတ်လာသလိုပေါ့။ စိတ်ကျေနပ်မှုရကောင်းရမှာပေါ့။ နောက်ကျတော့ ပြဿနာဖြစ်လာတယ်။
လိင်အင်္ဂါ ရဲ့သာမန် မတစ်သျှူးတွေ ပျက်ကုန်တယ်။ အမျှင်တစ်သျှူးတွေ များလာတယ်။ စိတ်ဖြစ်ပေါ်လာလို့ လိင်အင်္ဂါတောင့်တင်းလာရင် နာကျင်မှုခံစားလာရတယ်။ တချို့လူနာတွေဆိုရင် အမာရွတ်လို မာကျောတဲ့ အမျှင်တစ်သျှူးတွေ ခွဲစိတ်ဖယ်ရှားပစ်ရတဲ့ အဆင့်ရောက်ကုန်တယ်။ လိင်အင်္ဂါကြီးချင်လို့ ဆေးထိုးမိတဲ့ နောက်ဆက်တွဲပြဿနာတွေက မပြီးနိူင်အောင်ပါဘဲ။ ဒါတွေကို မမြင်ဖူး၊ မတွေ့ဘူးကြတဲ့ လူငယ်တွေက ဆေးထိုးချင်ကြတုံး ရှိသေးတယ်။ ဒီလိုအဖြစ်အပျက်တွေ ကျွန်တော်တို့က လိင်ကျန်းမာရေး ပညာပေးမှ တင်ပြသွားမှ၊ လူငယ်တွေသိကြမှာ၊ သိမှကြောက်ကြမှာ၊ ကြောက်မှ မလုပ်ရဲမှာ။ လိင်အင်္ဂါကြီးမှ အမျိုးသမီးတွေရဲ့စွဲလန်းမှုရမယ်ဆိုတာ မှားတယ်ဆိုတဲ့အကြောင်း အမျိုးသမီးတွေကို မေးမြန်းသုတေသနပြုလုပ်ချက် အများသိရှိခဲ့ရပြီး ဖြစ်ပါတယ်။ စွဲလမ်းမှုနဲ့ အင်္ဂါအရွယ်အစားနဲ့ သက်ဆိုင်မှု မရှိပါဘူး။ယောင်္ကျား ပီသမှုဆိုတာလည်း မြင့်မြတ်တဲ့စိတ်၊ ရဲရင့်မှု၊ သတ္တိရှိမှု၊ တစ်ကိုယ်ကောင်းမဆန်မှု၊ သနားကြင်နာတတ်မှု၊ ဦးဆောင်နိူင်မှု၊ ဉာဏ်ရည်ထက်မြက်မှု စတာတွေက ပိုပြီး အရေးကြီးပါလိမ့်မယ်။
ဆရာပြောဆို ဆွေးနွေးသွားတာတွေဟာ လူငယ်လူရွယ်တွေအတွက် အများကြီး အကျိုးရှိပါလိမ့်မယ် ဆရာ။ အခုလိုမှားယွင်းတဲ့ အယူအဆတွေ ပပျောက်သွားဖို့ဆိုရာမှာ လိင်ကျန်းမာရေးပညာပေး အရေးကြီးတာပေါ့ ဆရာ။ အခုလို ဆွေးနွေးပြောကြားပေးခဲ့တဲ့ ဆရာကို အထူးဘဲကျေးဇူးတင်ပါတယ် ခင်ဗျာ။
Author: ဒေါက်တာအေးကျော်(ဇီဝကမ္မဗေဒ)
မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။

Comments