တစ်ခဏတာအတွက်နဲ့ တစ်ဘဝစာအတွက် ပေးဆပ်ရမှာကိုကြောက်တယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ

ရေးသားသူ Yun Sandi Nan Monဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်း ဆိုသလိုပဲ လူငယ်တွေသဘာဝ ပျော်ကြပါးကြရင်း အကဲမတော် တစ်သက် ဖြစ်ကြရတာတွေ၊ ဒုက္ခဖြစ်တာတွေရှိကြပါတယ်။ ခေတ်မီပွင့်လင်းလာတဲ့ ကနေ့ခေတ်ရဲ့လူငယ်တွေကြားမှာ ဆိုရှယ်ကျကျ ပေါင်းသင်းဆက်ဆံရေးတွေ၊  အသောက်အစားဖက်လာတာတွေအပြင် အပျော်အပါးကြောင့် မတော်တဆအမှားအယွင်းတွေရှိလာတတ်ပါတယ်။ အရာရာပွင့်လင်းလာတဲ့လူငယ်တချို့က ပျော်ပွဲရွှင်ပွဲတွေ၊ ပွဲအခမ်းအနားတွေမှာ ပျော်ကြပါးကြရင်း မထင်မှတ်တဲ့ပြဿနာတွေကြုံတွေ့ရတတ်ပါတယ်။ အဲဒီပြဿနာတွေမဖြစ်လာအောင် ဖြေရှင်းနိုင်တဲ့အလွယ်ကူဆုံးနည်းလမ်းရှိပါတယ်။ 
အရေးပေါ်သန္ဓေတားဆေးပါ 
အရေးပေါ်သန္ဓေတားဆေး (morning after pills) ဆိုတာ အကာအကွယ်မဲ့လိင်ဆက်ဆံပြီးတဲ့အခါ  ဒါမှမဟုတ် ပုံမှန်သားဆက်ခြားနည်းလမ်းတစ်ခုခုကို မေ့လျော့ပျက်ကွက်မိတဲ့အခါမျိုးတွေမှာ အရေးပေါ်သုံးကြတဲ့သောက်ဆေးဖြစ်ပါတယ်။ သန္ဓေတားနည်းတစ်ခုမှမသုံးထားဘဲ လိင်ဆက်ဆံပြီးတဲ့အခါ ၃ ရက်(၇၂ နာရီ) အတွင်း သောက်သုံးရင် အာနိသင်အကောင်းဆုံးဖြစ်ပေမယ့် ၅ ရက် (နာရီ ၁၂၀) အတွင်း သောက်သုံးရင်လည်း ကိုယ်ဝန်မရအောင် တားဆီးပေးနိုင်စွမ်းရှိပါသေးတယ်။ ဒါပေမဲ့အမြန်ဆုံးသောက်သုံးလေ အာနိသင်အထိရောက်ဆုံး ဖြစ်လေဆိုတာ သတိရထားဖို့လိုပါတယ်။ 
ဒီဆေးက တစ်ကြိမ်သောက်ရုံနဲ့ ဒီလိုကာကွယ်ပေးနိုင်တယ်ဆိုတော့ မပျက်မကွက်  နေ့တိုင်းအချိန်မှန်သောက်ဖို့လိုတဲ့ ပုံမှန်သားဆက်ခြားသောက်ဆေးလို၊ ဘယ်နှလခံထိုးဆေးဆိုပြီး မပျက်မကွက်ထိုးရတဲ့ ၃လ/၆လခံထိုးဆေးတွေလို အလုပ်မရှုပ်တဲ့အတွက် အသုံးများလာကြပါတယ်။ အဲဒီထဲမှာ အိမ်ထောင်ရှင်တွေအပြင် အရွယ်ရောက်ပြီးတဲ့လူငယ်တွေလည်းပါဝင်နေပါတယ်။ သုံးရလွယ်ပြီး ထိရောက်မှုရှိတာကြောင့် အသုံးများလာရာကနေ ပုံမှန်သားဆက်ခြားသောက်ဆေးတွေအစား အလွယ်သုံးစွဲလာတာတွေလည်းရှိပါတယ်။ ဒါပေမယ့် သတိထားသင့်တာက အရေးပေါ်သန္ဓေတားဆေးဆိုတာ အမြဲတမ်းသောက်သုံးဖို့အတွက် အဆင်မပြေလှပါဘူး။ 
အရေးပေါ်သန္ဓေတားဆေးဆိုတာ အရေးပေါ်အခြေအနေတွေအတွက်သာ ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်လို့ ပုံမှန်အသုံးပြုသွားလို့ရမယ့် သန္ဓေတားဆေးလို နေ့တိုင်းသောက်နေလို့မရပါဘူး။ အခုနောက်ပိုင်းမှာ လူငယ်တချို့က လွတ်လွတ်လပ်လပ် အပျော်လွန်ခဲ့ကြပြီးမှ ဒီဆေးတွေကို အလွယ်တကူဝယ်ပြီးသုံးစွဲနေကြတာတွေ့လာရပါတယ်။ တစ်ပတ်အတွင်းမှာပဲ အကြိမ်ပေါင်းများစွာသောက်သုံးမယ်ဆိုရင် မသင့်တော်လို့ အကြိမ်ရေများမယ်ဆိုရင်တော့ ပုံမှန်သားဆက်ခြားသောက်ဆေးတွေကိုသုံးသင့်ပါတယ်။ 
အရေးပေါ်သန္ဓေတားဆေးတွေက ဘေးအန္တရာြယ်ဖစ်စေလို့တော့မဟုတ်ပါဘူး။ ဒီနည်းက ရေရှည်သုံးလို့ကောင်းတဲ့ နည်းလမ်း မဟုတ်တာ တစ်ခုပါပဲ။ ထပ်ကာ ထပ်ကာ သုံးစွဲနေတာမျိုးဆိုရင် ဘေးထွက်ဆိုးကျိုးတွေက ယာယီပဲ၊ အန္တရာယ်မရှိဘူးဆိုပေမယ့် ဓမ္မတာမမှန်ခြင်း၊မအီမသာဖြစ်ခြင်း၊ပျို့အန်ခြင်း၊ ရင်သားတင်းပြီးနာကျင်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်း၊ နွမ်းလျခြင်းတို့ ဖြစ်နိုင်တဲ့အတွက် သိပ်တော့သက်သာမှာမဟုတ်ပါဘူး။ ဒါ့အပြင် ကိုယ်ဝန်ရသွားနိုင်ခြေကလည်း တခြားသောသန္ဓေတားနည်းလမ်းတွေထက် မြင့်မားပါတယ်။ 
ဘာလို့အသုံးများလာသလဲ။ ဘာကောင်းကျိုးတွေရှိလဲ။ 
အရေးပေါ်သန္ဓေတားဆေးတွေက – 
တစ်ကြိမ်တည်းသောက်လိုက်ရုံပဲ၊ ဝယ်ရလွယ်၊ သုံးရလွယ်တယ်၊ ဆရာဝန်ညွှန်ကြားချက်မလိုဘူး၊ လိင်ဆက်ဆံပြီး ၅ ရက်အတွင်း သုံးလို့ရတယ်၊ ကွန်ဒုံးပေါက်ပြဲတာ၊ သောက်ဆေးရက်ကျော်သွားတာ၊ ထိုးဆေးရက်ကျော်သွားတာမျိုးမှာ အရေးပေါ်သုံးလို့ရတယ်၊ စရိတ်သက်သာပြီး ထိရောက်မှုှရှိတယ်၊ ဘေးအန္တရာယ်မရှိသလောက်ကင်းတယ် ဆိုတဲ့အချက်တွေကြောင့် လူငယ်တွေအကြား အသုံးများလာတာဖြစ်ပါတယ်။ မမျှော်လင့်ဘဲ ကိုယ်ဝန်ရတဲ့အဖြစ်မျိုးတွေကို အချိန်မီကာကွယ်နိုင်ဖို့က အရေးပေါ်သန္ဓေတားဆေးရဲ့အားသာချက်ပါ။ ဘယ်အချိန်မှာအသုံးဝင်ဆုံးလဲဆိုတော့ ကွန်ဒုံးသုံးဖို့မေ့သွားတဲ့အခါမျိုး အကာအကွယ်မဲ့လိင်ဆက်ဆံပြီးချိန်မှာ ကိုယ်ဝန်မရသွားအောင် အရေးပေါ်ကာကွယ်ပေးနိုင်ပါတယ်။ တစ်ခုထပ်သတိထားသင့်တာက တချို့တွေဟာ ကွန်ဒုံးမသုံးပေမယ့် အပြင်မှာထုတ်တဲ့နည်းလမ်းကိုသုံးရင် ကိုယ်ဝန်မရနိုင်ဘူးဆိုပြီး ကျင့်သုံးနေတာတွေလည်းရှိပါတယ်။ တကယ်က အပြင်မှာထုတ်ခဲ့တယ်ဆိုရင်တောင်မှ ကိုယ်ဝန်ရသွားနိုင်ခြေရှိပါသေးတယ်။ ဒီအတွက် အဲဒီလိုအချိန်တွေမှာလည်း ဒီဆေးကိုသောက်သုံးနိုင်ပါတယ်။ 
ဒီဆေးသာမကယ်ရင် မတော်တဆကိုယ်ဝန်ကြောင့် ဘဝအတွက်အဆင်သင့်မဖြစ်မီ လက်ထပ်လိုက်ရတာ၊ အသက်ငယ်ငယ်နဲ့အိမ်ထောင်သည်ဖြစ်သွားရတာ၊ မလိုလားတဲ့ကိုယ်ဝန်ကိုဖျက်ချရင်း မိန်းကလေးတွေအသက်အန္တရာယ်ဖြစ်ရတာ၊ ကိုယ်ဝန်ကြောင့် ဂုဏ်သိက္ခာကျဆင်းရတာ စတဲ့ ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ အခုတော့ အရေးပေါ်အခြေအနေဖြစ်လာတဲ့အခါ ကူညီပေးမယ့် အရေးပေါ်သန္ဓေတားဆေးက ဈေးကွက်မှာရရှိနေပါပြီ။ အလွယ်တကူလည်း ဝယ်လို့ရနိုင်ပြီမို့လို့ စိတ်ချလက်ချရှိနိုင်ပါပြီ။ 
တစ်ခုပဲ သိထားသင့်တာက ဆေးသောက်ပြီး အန်ထွက်ရင်တော့ ထပ်သောက်ရပါမယ်။ ကိုယ်က ပျို့တတ်တယ်ဆိုရင် အအန်ပျောက်ဆေးနဲ့လည်း တွဲသောက်လို့ရပါတယ်။

Comments