ဓမ္မတာလာချိန် မှန်ချင်တယ်ဆိုရင်


ရေးသားသူ Eaindray Khaဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

မိန်းကလေးတွေတိုင်း တစ်လတစ်ကြိမ် မဖြစ်မနေ ကြုံတွေ့ရတဲ့ ကိစ္စကတော့ ရာသီလာခြင်းပါပဲ။ တချို့ မိန်းကလေးတွေကတော့ ရာသီလာချိန်ဟာ ရက်အတိအကျ ဖြစ်ပေမယ့် တချို့မှာတော့ နောက်ကျတာတွေ စောတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုဆိုရင် အနည်းနဲ့အများတော့ စိတ်ညစ်ရတာပါပဲ။ မမျိုးဥကြွေပြီးနောက်နေ့ဟာ ရာသီလာရက်ပါပဲ။ ရာသီလာချိန် မမှန်တဲ့အခါမှာ စိတ်အပြောင်းအလဲမြန်တာတွေ၊ ဗိုက်အောင့်တာတွေနဲ့ ခြေလက်မသယ်ချင်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရာသီပုံမှန်လာဖို့အတွက် ဆေးသောက်တာတွေ အပြင် အစားအစာတွေနဲ့လည်း ပြုလုပ်လို့ ရပါတယ်။ ဘယ်လိုအစားအစာတွေက ကူညီပေးနိုင်မလဲဆိုတာ ဖတ်ကြည့်ပါဦး။
သားမျိုးဥအိမ်ထဲမှာ ရှိတဲ့ သွေးကြောလေးတွေဟာ အရမ်းကို သေးငယ်လွန်းပါတယ်။ သူတို့လေးတွေဟာ ပျက်စီးလွယ်ပါတယ်။ ကောင်းမွန်တဲ့ သွေးလည်ပတ်မှု မရှိခြင်း၊ အဝလွန်ခြင်းနဲ့ ကိုလက်စထရော ပမာဏ များခြင်းတွေဟာ သားဥအိမ်မှာ ရှိတဲ့ သွေးကြောတွေကို ပိတ်ဆို့ထားခြင်းတွေ ဖြစ်နိုင်ပြီး သွေးစီးဆင်းမှုနဲ့ ဟော်မုန်းတွေကို ပြောင်းလဲ စေပါတယ်။ ဒီအခါမှာ ရာသီလာတာဟာ ပုံမှန်မဟုတ်တော့ပါဘူး။ ဒါတွေကို ပြေလည်အောင် ဖြေရှင်းပေးနိုင်မယ့် အစားအစာကတော့ အိုမီဂါ ၃ အက်ဆစ်ပါ။ သူက ရာသီသွေး ပုံမှန်ဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ တူနာငါး၊ ဆယ်လ်မွန်ငါးတွေအပြင် တခြားငါးတွေကနေလည်း ရရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်က ရာသီသွေး အချိန်မှန်မှန်မလာဘူးဆိုရင် ငါးစားပေးပါ။
ကိုယ်ခန္ဓာကိုယ်ဟာ ပရိုတင်းဓါတ် ပြည့်ဝရဲ့လားဆိုတာ မကြာခဏ စစ်ဆေးပါ။ ပရိုတင်းဓါတ် ပြည့်မပြည့်ဆိုတာကို သိရှိနိုင်မယ့် ယေဘုယျ လက္ခဏာကတော့ အားအင်ကုန်ခမ်းခြင်းနဲ့ ဖြူဖတ်ဖြူရော် ဖြစ်ခြင်းတွေပါပဲ။ ပရိုတင်းဓါတ် မပြည့်ဝတာက ရာသီလာချိန် မမှန်စေပါဘူး။ ပရိုတင်းဓါတ် ရရှိစေမယ်ဆိုရင် estrogen ရရှိပြီး ဟော်မုန်းနဲ့ သွေးစီးဆင်းမှုကို အထောက်အကူပြုတာကြောင့် ရာသီ အချိန်မှန်မှန် လာစေပါတယ်။ ရာသီအချိန်မှန် လာတာက ကိုယ်ဝန်ရနိုင်ချေကိုလည်း မြင့်တက်စေပါတယ်။ မြေပဲ၊ ဗာဒံစေ့၊ ကြက်ဥပြုတ်၊ ဆာဒင်းငါးတွေမှာ ပရိုတင်းပါဝင်ပြီး estrogenကိုလည်း ပေးစွမ်းနိုင်တာကြောင့် ရာသီပုံမှန်လာစေမှာပါ။ မြေပဲမှာ estrogen ခပ်များများ ပါဝင်တာဟာ တခြား အစားအစာတွေထက် ရာသီလာခြင်းကို ပိုပြီး အားပေးကူညီနိုင်ပါတယ်။
ဗီတာမင် ဒီကတော့ အစားအစာတွေကနေ ရရှိဖို့ အနည်းငယ်ခက်တယ်ဆိုပေမယ့် နို့ထွက်ပစ္စည်း၊ တူနာ၊ ကြက်ဥတွေကနေ ရရှိနိုင်ပါတယ်။ ဗီတာမင်ဒီ လုံလုံလောက်လောက် ရရှိမယ်ဆိုရင် ရာသီပုံမှန်လာစေပါတယ်။ ဒါဟာ နေရောင်ခြည်က ရရှိတဲ့ ဗီတာမင်ဒီနဲ့ အတူတူပါပဲ။ တစ်ပတ်ကို အနည်းဆုံး (၂ကြိမ်ကနေ ၃ ကြိမ်) အထိ နေရောင်ခြည် (၁၀) မိနစ်လောက် ထိတွေ့တာက ဗီတာမင်ဒီ ရရှိစေပါတယ်။ ဒီလို ရရှိမယ်ဆိုရင် ရာသီ ပုံမှန်လာစေဖို့အတွက် အထောက်အကူပြုမယ့် ဗီတာမင်ဒီကို ရရှိပါပြီ။
ဒါကြောင့် ကိုယ်က ရာသီပုံမှန်လာသူ မဟုတ်ဘူးဆိုရင်တော့ အစားအစာတွေနဲ့ ကုသလို့ ရရှိနိုင်ပါတယ်။ ကိုယ်နေ့တိုင်း စားတဲ့ အစားအစာတွေက ခန္ဓာကိုယ်အတွက် လိုအပ်ပြီး ဟော်မုန်းအားကောင်းစေမယ့် estrogen ကောင်းမွန်စေတဲ့ အစားအစာတွေ ဖြစ်ဖို့တော့ လိုပါတယ်။ ဗီတာမင်ဒီလေးလည်း ရအောင် နေရောင်ခြည်ကနေ ယူနော်။ ဒါဆိုရင်တော့ ” ဒီလ ရာသီလာတာ နောက်ကျလို့” ဆိုတဲ့ စကားကို ပြောဖို့လိုမှာ မဟုတ်တော့ပါဘူးနော်။

Comments