အမျိုးသားတွေ ဘာလို့ အတွင်းခံဘောင်းဘီကို ပုံမှန်လဲသင့်တာလဲ


ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အမျိုးသားတွေဟာ အမြဲ နေပူထဲ သွားလာပြီး အလုပ်လုပ်နေရတာ၊ အားကစား၊ လေ့ကျင့်ခန်း အပြင်းအထန် လုပ်နေရတာကြောင့် အမျိုးသမီးတွေထက် ပိုပြီး ချွေးထွက်ပါတယ်။ အကျီၤ၊ ဘောင်းဘီတွေကတော့ တစ်ကြိမ်ထက် ပိုပြီး ဝတ်ဆင်တာ ပြဿနာ သိပ်မရှိပေမယ့် အတွင်းခံဘောင်းဘီတွေကိုတော့ အမြဲ လဲပေးဖို့ လိုအပ်ပါတယ်။ ကျန်တဲ့ နေရာတွေထက် ချိုင်းကြား၊ ပေါင်ခြံနေရာတွေဟာ ပိုပြီး ချွေးထွက်များပြီး အဝတ်အစားနဲ့ အမြဲထိကပ်နေတာကြောင့် ချွေးနံ့အပြင် ဘက်တီးရီးယားပိုးများစွာ ခိုအောင်းနေတတ်ပါတယ်။

အတွင်းခံဘောင်းဘီကို ပုံမှန်မလျှော်တဲ့အခါ ဘာတွေ ဖြစ်နိုင်လဲ။
တစ်ကိုယ်ရေသန့်ရှင်းမှု နည်းတဲ့ အမျိုးသားတွေဟာ အတွင်းခံဘောင်းဘီကို ကြိမ်ဖန်များစွာ ဝတ်ဆင်ပြီးမှ လျှော်ဖွပ်တတ်ပါတယ်။ ဒါဟာ အရေပြားနဲ့ လိင်တံကျန်းမာရေးအတွက်လည်း မကောင်းတဲ့အပြင် အနံ့အသက်ဆိုးတွေ ဖြစ်စေနိုင်တဲ့ အဓိကတရားခံပါပဲ။ ဒါကြောင့် တည်ကြည်ခန့်ညားပြီး ဆွဲဆောင်မှုရှိတဲ့ ယောက်ျားသားတွေ ဖြစ်ဖို့ အတွင်းခံဘောင်းဘီကို အပြင်က ပြန်လာတာနဲ့ လျှော်ဖွပ်တာဟာ အကောင်းဆုံးပါ။

၁။ အနံ့အသက်အလွန်ဆိုးရွားမယ်။
အမျိုးသားတိုင်း သိကြမှာပါ။ အတွင်းခံဘောင်းဘီကို တစ်ရက်လောက် မလျှော်ပဲ နောက်တစ်ခါ ပြန်ဝတ်တဲ့အခါ အနံ့အသက်က အောင့်သက်သက်နိုင်ပါတယ်။ ဝတ်ပြီးသား အတွင်းခံဘောင်းဘီကို နောက်တစ်ကြိမ် ထပ်ဝတ်လို့ ဘာကောင်းကျိုးမှ မရနိုင်တဲ့အပြင် ကိုယ့်ရဲ့ လိင်တံကိုလည်း ဒီအနံ့တွေ စွဲကပ်နိုင်ပါတယ်။

၂။ အရေပြားပြဿနာဖြစ်နိုင်တယ်။
ပေါင်ခြံတစ်ဝိုက်ဟာ အမျိုးသားတွေအတွက် ချွေးနဲ့ အနံ့ဆိုးတွေ အထွက်ဆုံးနေရာဖြစ်တဲ့အပြင် ဘက်တီးရီးယားပိုးမွှားတွေအတွက် ခိုအောင်းရာ နေရာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် အားကစားလုပ်သူတွေ၊ လေ့ကျင့်ခန်းလုပ်သူတွေ၊ အမြဲလှုပ်ရှားသွားလာနေရတဲ့ အမျိုးသားတွေမှာ ပိုပြီးတောင် ဆိုးနိုင်ပါတယ်။ ဒီလို ချွေးတွေနဲ့ အမြဲစိုစွတ်နေတဲ့ အတွင်းခံဘောင်းဘီကို မလျှော်ပဲ ထားထားတဲ့အခါ ဘက်တီးရီးယားပိုးတွေ ပိုပွားများလာနိုင်ပြီး ပွေး၊ ဝဲ အစရှိတဲ့ မှိုကြောင့်ဖြစ်တဲ့ အရေပြားရောဂါတွေ ဖြစ်လာမှာပါ။

၃။ စေးကပ်ကပ်ဖြစ်ပြီး မှိုတက်နိုင်တယ်။
တစ်ခါတလေ ဘာမှမတွေးနေတဲ့အချိန်မှာတောင် လိင်တံဟာ သူ့အလိုလို ထောင်မတ်နေတတ်တာ၊ လိင်စိတ်ထကြွနေတဲ့အချိန်ဆိုရင် သုက်ရည်ကြည် (Pre-cum) လေးတွေ ထွက်တတ်တာ အမျိုးသားတိုင်းလည်း ကြုံဖူးမှာပါ။ ဆီးသွားပြီးတဲ့အချိန် လိင်တံထိပ်မှာ ကျန်နေခဲ့တဲ့ ဆီးစက်တွေကြောင့် ကြာလာတဲ့အခါ အတွင်းခံဘောင်းဘီဟာ စေးကပ်ကပ်ဖြစ်နိုင်ပါတယ်။ မလျှော်ဖွပ်ပဲ ဒီအတိုင်းထားထားလိုက်တဲ့အခါ အတွင်းခံဘောင်းဘီမှာ ဘက်တီးရီးယားတွေ ပိုပေါက်ဖွားနိုင်တဲ့အပြင် ဖားဥတွေစွဲပြီး မှိုတက်နိုင်ပါတယ်။

၄။ ဝက်ခြံနဲ့ အဖုအပိမ့်တွေ ပိုပေါက်လာနိုင်ပါတယ်။
မျက်နှာကို သေချာမသန့်ရှင်းတဲ့အခါ အဖုအပိမ့်တွေ ထွက်လာသလိုပါပဲ။ သန့်ရှင်းမှုမရှိတဲ့  အတွင်းခံဘောင်းဘီကို ဝတ်ဆင်တဲ့အခါ လိင်တံ၊ တင်ပါးတစ်ဝိုက် အရေပြားမှာ ဝက်ခြံ၊ အဖုအပိမ့်တွေအပြင် ပွေး၊ ဝဲ၊ ညှင်း အစရှိတဲ့ အရေပြားပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

အတွင်းခံဘောင်းဘီကို သန့်ရှင်းရေးလုပ်ရာမှာ ဘာတွေ သိထားသင့်လဲ။
၁။ အားကစား၊ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း အတွင်းခံကို လဲပါ။

၂။ တစ်နေ့ ဝတ်တဲ့ အတွင်းခံဘောင်းဘီကို အပြင်ကနေ ပြန်ရောက်တာနဲ့ လဲပါ။

၃။ တစ်နှစ်ပြည့်တိုင်း အတွင်းခံဘောင်းဘီအဟောင်းတွေကို ပစ်ပါ။

၄။ ကပ်စေးစေး ဖြစ်နေတဲ့ အတွင်းခံဘောင်းဘီတွေကို အမြဲလျှော်ဖွပ်ပါ။

၅။ ကိုယ်နဲ့ လိုက်ဖက်ညီပြီး လေဝင်လေထွက်ကောင်းမယ့် အတွင်းခံဘောင်းဘီတွေကို တစ်လတစ်ကြိမ်ဖြစ်ဖြစ် ဝယ်ပါ။


Comments