သုက်ရည်က ဘာကြောင့်အရောင်ပြောင်းသွားတာလဲ

ကျန်းမာတဲ့ အမျိုးသားတစ်ယောက်ရဲ့ သုက်ရည်မှာ မီးခိုးနဲ့ အဖြူစပ်ကြားအရောင်ရှိတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ဒီသုက်ရည်ရဲ့ အရောင်ဟာ ကျန်းမာရေးအခြေအနေတွေပေါ်မူတည်ပြီး အရောင်ပြောင်းသွားနိုင်ပါတယ်။ တခြားပုံမှန်မဟုတ်တဲ့ လက္ခဏာတွေမရှိရင်၊ ခဏလေးပဲ အရောင်ပြောင်းပြီး နောက်ပိုင်း ပုံမှန်အရောင်အတိုင်း ပြန်ဖြစ်သွားရင်တော့ သိပ်ပြီး စိုးရိမ်ဖို့ မလိုပါဘူးခင်ဗျ။

သုက်ရည်ရဲ့ အရောင်နဲ့ အမျိုးသားကျန်းမာရေး
၁။ အဖြူရောင်၊ အကြည်ရောင်၊ မီးခိုးရောင်ဆိုရင် ကျန်းမာတယ်၊ ပုံမှန်သုက်ရည်အရောင်လို့ သတ်မှတ်နိုင်ပါတယ်။ ကယ်လ်စီယမ်၊ ဆိုဒီယမ်၊ ဇင့်၊ ပိုတက်စီယမ်၊ အင်ဇိုင်း၊ ဖိုင်ဘရီနိုလိုင်စင် အစရှိတဲ့ ဓာတ်သတ္တုတွေကြောင့် ဒီလိုအရောင်မျိုး ထွက်လာရတာပါ။

၂။ အဝါရောင်၊ စိမ်းဖန့်ဖန့်ရောင်ကတာ့ ဆီးလမ်းကြောင်းမှာကျန်နေခဲ့တဲ့ ဆီးနဲ့ သုက်ရည်ရောသွားတာ၊ အသည်းရောင် အသားဝါဖြစ်နေတာ၊ သုက်ရည်ထဲမှာ သွေးဖြူဆဲလ်တွေ များနေတာ၊ ဆီးကျိတ်ထဲ ပိုးဝင်တာ၊ အဝါရောင်ဆိုးဆေးတွေ ပါတဲ့ အစားအစာတွေ စားသုံးတာ၊ အရက်အလွန်အကျွံသောက်တာကြောင့် ဖြစ်နိုင်ပါတယ်။

၃။ သုက်ရည်ထဲ သွေးပါနေတဲ့အခါ ပန်းရောင်၊ အနီရောင်၊ အညိုရောင်၊ လိမ္မော်ရောင်ကို ပြောင်းသွားနိုင်ပါတယ်။ ပန်းရောင်နဲ့ အနီရောင်ကတော့ သုက်လွှတ်စဉ် လတ်လတ်ဆတ်ဆတ် ထွက်ခဲ့တဲ့သွေးရောသွားတာဖြစ်ပြီး အညိုနဲ့ လိမ္မော်ရောင်ကတော့ အောက်စီဂျင်နဲ့ ထိတွေ့နေပြီးတဲ့ သွေးအဟောင်းနဲ့ သုက်ရည်ရောသွားတာကြောင့် ဖြစ်ပါတယ်။ ဒီလိုအရောင်တွေ ဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့ သေချာပြသဖို့ လိုအပ်ပါတယ်။ ဆီးကျိတ်ကို လက်နဲ့စမ်းကြည့်တာ၊ သွေးတိုး၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ၊ ဆီးကျိတ်ပိုးဝင်ခြင်း၊ ကြမ်းကြမ်းတမ်းတမ်း လိင်ဆက်ဆံတာ၊ လက်နဲ့ တစ်ကိုယ်ရေအာသာဖြေတာ၊ ကင်ဆာရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။

၄။ သုက်ရည်က အမည်းရောင်သို့ပြောင်းသွားခြင်းဟာ သုက်ပို့ပြွန်မှာ အချိန်အတော်ကြာရှိနေပြီး ခဲခြောက်သွားကာ အမည်းရောင်ပြောင်းသွားတဲ့ သွေးတွေ သုက်ရည်နဲ့အတူ ရောပါလာခြင်းကြောင့် ဖြစ်ပါတယ်။ ကျောရိုးထိခိုက်တာ၊ သွေးထဲမှာ ပြဒါးဓာတ်များနေတာကြောင့် ဖြစ်နိုင်ပါတယ်။

သုက်ရည်ဟာ အပျစ်မှ အကျဲ ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်ပြီး ကိုယ်ခန္ဓာတွင်းရှိတဲ့ ရေဓာတ်ပမာဏ၊ ဟော်မုန်းမျှခြေနဲ့ ရောဂါအခြေအနေ၊ ဗီတာမင်ချို့တဲ့ခြင်း၊ မြုံခြင်းတွေနဲ့ သက်ဆိုင်မှုရှိပါတယ်။ အကယ်လို့ သုက်ရည်အပျစ်ပဲ ထွက်တဲ့ သူတစ်ယောက်က ရုတ်တရက်ဆိုသလို အကျဲရည်တွေ ပြောင်းလဲလာခဲ့ရင် စောင့်ကြည့်ဖို့ လိုပါတယ်။ လက္ခဏာက နေ့စဉ်ရက်ဆက်လိုလိုပဲဆိုရင်တော့ ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။

အမျိုးသားတစ်ယောက်ရဲ့ ဘဝသက်တမ်းမှာ ဘယ်လောက်ပဲ ကျန်းမာရေးကောင်းနေနေ သုက်ရည်အရောင်ပြောင်းလဲသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုအရောင်ပြောင်းလဲခြင်းနဲ့အတူ

  • ဆီးသွားရခက်တာ
  • လိင်အင်္ဂါပတ်လည်မှာ ရောင်နေတာ
  • လိင်တံ၊ ကပ္ပယ်အိတ်ပေါ်မှာ အနီကွက်တွေဖြစ်ပြီး ယားယံနေတာ
  • ပြည်တွေ စိမ့်ထွက်နေတာ
  • အအေးမိ၊ တုပ်ကွေးလက္ခဏာတွေ တွေ့ရတာ
  • အဖျားတက်တာတွေပါ ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြကြည့်တာ အကောင်းဆုံးပါပဲ။



ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Comments