လိင်မှုဆက်ဆံရေးမှာ အရွယ်အစားက ဘယ်လောက်အရေးပါလဲ

လိင်ဆက်ဆံတဲ့ကိစ္စနဲ့ပတ်သက်ပြီး အပြောများတဲ့အကြောင်းအရင်းတစ်ရပ်က  အမျိုးသားအင်္ဂါအရွယ်အစားပဲဖြစ်ပါတယ်။ လေ့လာမှုတော်တော်များများနဲ့သဘောထားစစ်တမ်းကောက်ယူချက်တွေမှာ အမျိုးသားအင်္ဂါ အရွယ်အစားနဲ့ပတ်သက်ပြီး ဇနီးသည်နဲ့ချစ်သူမိန်းကလေးတွေက အထူးတလည်သဘောထားတာမျိုးမရှိဘူး လို့တွေ့ရပါတယ်။ အရွယ်အစားက စွမ်းဆောင်နိုင်စွမ်းအပေါ်မှာလည်းသက်ရောက်မှုမရှိပါဘူး။

“ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ဆက်ဆံရေးတစ်ရပ်ကိုဖန်တီးရမယ့်အစား အမျိုးသားအများစုက အရွယ်အစား အပေါ်မှာအာရုံစိုက်လွန်းနေတာကြောင့် အမျိုးသားအင်္ဂါအရွယ်အစားက ဖြေရှင်းရခက်တဲ့ပြဿနာတစ်ရပ်လို  တောင်ဖြစ်လာနေပါတယ်။” လို့ Chapman( ချပ်မန်း )တက္ကသိုလ်စိတ်ကျန်းမာရေးဌာနရဲ့ လက်ထောက်ပါမောက္ခ David Frederick  (ဒေးဗစ်ဖရက်ဒရစ်ခ်) ကပြောကြားခဲ့ပါတယ်။

အမျိုးသားအင်္ဂါရဲ့အရှည်က ပျမ်းမျှအားဖြင့် ၅.၁၆ လက်မရှိတယ်လို့ဆိုပါတယ်။
မကြာသေးခင်က ယူကေကသုတေသီတွေလုပ်ဆောင်ခဲ့တဲ့လေ့လာမှု ၂၀ မှာ အရွယ်အစားက အမျိုးသား အများစုမှာတူညီလေ့ရှိတယ်၊လို့တွေ့ရှိခဲ့ရတယ်၊လို့ဖော်ပြခဲ့ပါတယ်။ ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူတွေက  လေ့လာမှုတွေမှာပါဝင်ခဲ့သူတွေရဲ့ အရွယ်အစားနဲ့အတိုင်းအတာတွေကိုတိုင်းတာခဲ့ပေမယ့် တစ်ဦးတစ်ယောက်မှာမှ  ပုံမှန်မဟုတ်တဲ့အနေအထားဖြစ်ပေါ်နေတာနဲ့ အရွယ်အစားအရမ်းသေးလွန်းနေတာ တွေ့ရှိရတယ်လို့ ပြောကြားခဲ့တာမျိုးမရှိပါဘူး။

အမျိုးသားတွေက သူတို့အရွယ်အစားနဲ့ပတ်သက်ပြီး လိမ်ညာပြောဆိုတတ်ကြတယ်။
အရွယ်အစားနဲ့ပတ်သက်ပြီး လေ့လာမှုတော်တော်များများလုပ်ဆောင်ခဲ့သလို သဘောထား စစ်တမ်းကောက်ယူမှုတွေလုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုတွေက အမျိုးသားတွေကို ရှိသင့်တဲ့ ပျမ်းမျှအရွယ်အစားနဲ့ပတ်သက်ပြီး အကြံဉာဏ်ကောင်းတစ်ရပ်ပေးနိုင်မှာပါ။ “သူတို့က ကိုယ့်ဆိုဒ် ကိုယ်ပြောတဲ့အခါ တစ်လက်မလောက်တော့ ပိုပြောတတ်ကြတယ်” လို့ ပါမောက္ခ Frederick ဖရက်ဒရစ်ခ် ကပြောပါတယ်။

အရွယ်အစားက လင်မယားဆက်ဆံရေးပိုကောင်းအောင် အထောက်အပံ့မပေးနိုင်ပါဘူး။
Scottish စကော့တန် တက္ကသိုလ်ကကျောင်းသူ ၃၂၃ ဦးထံကနေ လိင်အင်္ဂါအတိုင်းအတာက သူတို့ရဲ့ ဆက်ဆံရေးအပေါ်ဘယ်လိုသက်ရောက် သဘာထားစစ်တမ်းကောက်ယူမှုကိုအသုံးပြုလုပ်ဆောင်ခဲ့တဲ့  လေ့လာမှုမှာ အတိုင်းအတာကသူတို့ရဲ့ဆက်ဆံရေးအပေါ် သက်ရောက်မှုသိပ်မရှိတာကိုတွေ့ခဲ့ရပြီး တိတိကျကျ သိရှိနိုင်ဖို့ဆိုရင်တော့ နောက်ထပ်လေ့လာမှုတော်တော်လေးလုပ်ဆောင်ဖို့လိုအပ်မှာဖြစ်ပါတယ်။

လိင်အင်္ဂါအရွယ်အစားထက် ကိုယ်အလေးချိန်ကပိုအရေးပါ
ခန္ဓာကိုယ်တစ်ခုလုံးမှာ အစိတ်အပိုင်းတစ်ခုအဖြစ်သာ ပါဝင်နေတဲ့ လိင်အင်္ဂါက ဆွဲဆောင်မှုအတွက်သာ သက်ရောက်မှုတချို့တဝက်ရှိနေပုံရတယ်လို့ ၂၀၁၂ ခုနှစ်က လေ့လာမှုတစ်ခုမှာ ပါရှိပါတယ်။ တကယ်တော့ အမျိုးသမီးတွေက အမျိုးသားတွေရဲ့ အရပ်အနိမ့်အမြင့်နဲ့ခန္ဓာကိုယ် အချိုးအဆစ်ကျနမှုကို ပိုဂရုစိုက်ကြတာ ဖြစ်ပါတယ်။

အမျိုးသားတွေအများစုက လိင်တံအရွယ်အစားအတွက် စိတ်ပင်ပန်းနေ
သုတေသနများစွာအရ အမျိုးသားအများစုက လိင်တံအရွယ်အစားနဲ့ပတ်သက်ပြီး အားမလိုအားမရ ဖြစ်နေကြတာတွေ့ရပါတယ်။အရွယ်အစားသေးတာ၊ကြီးတာ၊တိုတာရှည်တာကို တိုင်းဆတွေးပူနေတာက ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်အပေါ်အမြင်နဲ့ လိင်မှုကိစ္စစိတ်ကျေနပ်မှုရရှိနိုင်စွမ်းမှာ ထိခိုက်စေပါတယ်။ အရွယ်အစား တွေဆိုတာက တကယ်မှာ တအားကွာခြားသွားတာမျိုးမရှိတာကြောင့် ညစ်ညမ်းဗီဒီယိုတွေမှာ မဟုတ်ရင် အရွယ်အစားကိုဘယ်သူမှ သိသိသာသာကြီးမြင်နေနိုင်တာမဟုတ်ကြပါဘူး။

သေးလွန်းနေပြီလို့ စိတ္တဇဖြစ်တဲ့ရောဂါ (Small penis syndrome)
ကိုယ်ကပုံမှန်အရွယ်အစားရှိနေပေမယ့် သေးလွန်းနေပြီလို့တွေးပူနေတဲ့ Small penis syndrome ဖြစ်နေသူတွေ ရှိတတ်ပါတယ်။ ဒီလိုစိတ်ပူပန်နေပြီး အလိုမကျဖြစ်နေတာနဲ့ပဲ အရွယ်အစားပိုကြီးစေ၊ ပိုရှည်စေမယ်ဆိုတဲ့ ထုတ်ကုန်ပစ္စည်းတွေကိုအားကိုးကြပါတယ်။ သံသယရှိလောက်တဲ့အတိုင်းပဲ ဒီလိုထုတ်ကုန်တွေ အတော်များများ ဟာ အလိမ်အညာတွေပါဝင်နေတတ်ပါသေးတယ်။ တချို့ဆို အန္တရာယ်ပါဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့်သိထား သင့်တာက –

ပိုကြီးဖို့မဖြစ်မနေ လိုအပ်တာမဟုတ်
အရွယ်အစားဆိုတာ လိင်မှုရေးရာ စွမ်းဆောင်ရည်ကို အဆင့်သတ်မှတ်ဖို့ မလုံလောက်တဲ့နည်းလမ်းတစ်ခု ဖြစ်နေပါပြီ။ လိင်ဆက်ဆံဖော်တွေအတွက် အရေးကြီးတဲ့အချက်က အရွယ်အစားမဟုတ်ဘဲ ကျေနပ်သာယာမှုသာဖြစ်တယ်လို့ သုတေသနစစ်တမ်းတွေက ဖော်ပြပါတယ်။အမျိုးသားလိင်အင်္ဂါတွေဟာ ပျမ်းမျှအားဖြင့် မထောင်မတ်တဲ့အချိန်မှာ ၃ လက်မကနေ ၅ လက်မအထိ ရှည်ပြီး ထောင်မတ်ချိန်မှာ ၅ လက်မကနေ ၇ လက်မအထိ ရှိနိုင်တယ်လို့ University of Michigan Medical Center မစ်ချီကန်ဆေးတက္ကသိုလ် မှ Dr. Mark A. Moyad (ဒေါက်တာ မက်ခ်အေ.မိုရတ်ဒ်) ကပြောပါတယ်။

လိင်အင်္ဂါကြီးထွားစေတဲ့ သောက်ဆေးတွေက အန္တရာယ်ရှိနိုင်
အလွယ်တကူဝယ်ယူလို့လည်းရ၊ အများအားဖြင့်ဈေးလည်းသင့်တင့်ပြီး သဘာဝပါဝင်ပစ္စည်းတွေနဲ့ဖော်စပ်တာတွေ လည်းရှိတာကြောင့် ဒီလိုအားဆေးတွေကို အတော်များများက အားကိုးကြပါတယ်။ မကောင်းတဲ့အချက်ကတော့ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေနဲ့လုပ်တဲ့ဆေးအများစုဟာ တရားဝင်ခွင့်ပြုချက်နဲ့ စစ်ဆေးပြီးမှထုတ်ထားတာ မဟုတ်ကြပါဘူး။ အလွယ်တကူဝယ်လို့ရနေတဲ့ လိင်အင်္ဂါထောင်မတ်ခြင်းနဲ့ လိင်ကိစ္စပြဿနာဆိုင်ရာ ဆေးဝါးတွေ ဟာ ပါဝင်ကြောင်းဖော်ပြမထားတဲ့ ပစ္စည်းတွေထည့်သွင်းထားတာတွေ့ရလေ့ရှိတယ်လို့ သိရပါတယ်။ ၂၀၀၉ ခုနှစ်က အင်တာနက်စစ်တမ်းတစ်ခုအရ လိင်အားဆေးတွေရဲ့သုံးပုံတစ်ပုံဟာ ဖော်ပြမထားတဲ့ဆေးဝါးဓာတ် ပစ္စည်းတွေပါဝင်နေပြီး ၎င်းတို့က ကျန်းမာရေးအန္တရာယ်ရှိစေနိုင်တဲ့အရာတွေဖြစ်တယ်လို့ သိရပါတယ်။

နှလုံးကျန်းမာရင် ထောင်မတ်မှုအားကောင်းနိုင်
လိင်အင်္ဂါကိုသွေးပို့လွှတ်ပေးတဲ့ နှလုံးသွေးကြောက ကော်ဖီဖျော်တဲ့ပိုက်အရွယ်အစားလောက်နီးနီးရှိပါတယ်။  နှလုံးသွေးကြောကျန်းမာရေးမကောင်းရင် လိင်အင်္ဂါမှာလည်း ရလဒ်မကောင်းနိုင်ဘူးလို့ သုတေသီတွေက ပြောပါတယ်။ အရင်ဆုံး နှလုံးရောဂါဖြစ်နိုင်ခြေနည်းအောင် အတတ်နိုင်ဆုံး ဆင်ခြင်နေထိုင်ဖို့ ဂရုစိုက်ရလိမ့်မယ်လို့ Dr. Mark A. Moyad (ဒေါက်တာ မက်ခ်အေ.မိုရတ်ဒ်) ကအကြံပြုပါတယ်။

ဈေးချိုချိုနဲ့ရနိုင်တဲ့ သဘာဝဆေးဝါးလေးသောက်ရုံနဲ့ အရွယ်အစားပိုကြီးစေပြီး ပိုထောင်မတ်စေဖို့ဆိုတာ ဆွဲဆောင်နိုင်လောက်တဲ့အချက်ဖြစ်ပေမယ့် လိင်မှုစွမ်းဆောင်ရည်ပိုကောင်းစေဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကျန်းမာကြံံ့ခိုင်ပြီး ရောဂါကင်းအောင်နေထိုင်ကာ ဆရာဝန်နဲ့တိုင်ပင် အကြံဉာဏ် တောင်းခံတာပဲဖြစ်ပါတယ်။

Comments