ပန်းသေပန်းညှိုးခြင်းနဲ့ ပတ်သက်ပြီး လွဲမှားတဲ့ အယူအဆများ

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ပန်းသေပန်းညှိုးခြင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အင်တာနက်ပေါ်မှာရော၊တီဗွီရုပ်သံ၊ဂျာနယ်မဂ္ဂဇင်းတွေမှာပါ အများအပြား မြင်တွေ့နိုင်ပါတယ်။’ငါးသိုင်းများ ဟင်းဟုန်’ဆိုသလို သတင်းအချက်အလက်တွေ များလွန်းတဲ့အခါကျပြန်တော့လည်း ဘယ်ဟာက အမှန်၊ဘယ်ဟာကတော့ အယူအဆမှားဆိုတာကို သိနိုင်ဖို့ ခဲယဉ်းလာပါတယ်။ရောထွေးလာပါတယ်။ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ ပန်းသေပန်းညှိုးခြင်းနဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့ အယူအဆတွေကို မျှဝေပေးလိုက်ရပါတယ်။

လိင်တံထောင်မတ်နေသေးရင် ပန်းသေပန်းညှိုးဖြစ်နေတာ မဟုတ်ဘူး

ပန်းသေပန်းညှိုးခြင်းရဲ့ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ တယောက်နဲ့ တယောက် တူညီမှာ မဟုတ်ပါဘူး။ယေဘုယျအားဖြင့်တော့ လိင်တံထောင်မတ်မှု မရှိခြင်း၊ထောင်မတ်လာပေမယ့် လိင်ဆက်ဆံဖို့ ကြာရှည်စွာ ထိန်းသိမ်းထားနိုင်မှု မရှိခြင်း စတဲ့ အနေအထားတွေကို ပန်းသေပန်းညှိုးခြင်းလို့ အဓိပ္ပာယ်သတ်မှတ်ပါတယ်။တချို့ကျပြန်တော့ အစထဲက ထောင်ကို ထောင်မလာနိုင်တာ ဖြစ်တတ်သလို တချို့ကလည်း ကြာကြာမထောင်မတ်နိုင်ပြန်ပါဘူး။တခါ လိင်တံထောင်မတ်နေပေမယ့် ယောနိထဲ ထိုးသွင်းနိုင်လောက်အောင် လုံလုံလောက်လောက် ထောင်မတ်မှုမရှိတာလည်း ဖြစ်နေနိုင်ပြန်ပါတယ်။ဒါကြောင့် လိင်တံထောင်နိုင်သေးရင် ပန်းသေပန်းညှိုးလို့ မခေါ်နိုင်ဘူးဆိုတာ မှားပါတယ်။

အသက်ကြီးသူတွေမှာပဲ ပန်းသေပန်းညှိုး ဖြစ်နိုင်တယ်

အသက်ကြီးလာလေ ပန်းသေပန်းညှိုးဖြစ်ဖို့ လမ်းများလာလေဆိုတာ ဟုတ်ပါတယ်။ဒါပေမယ့် လူငယ်၊လူရွယ်တွေမှာ လုံးဝ မဖြစ်ဘူးလို့ ဆိုလိုခြင်း မဟုတ်ပါဘူး။အမေရိကန် ဆေးပညာဂျာနယ်က ပြုလုပ်တဲ့ စစ်တမ်းတခုအရ အသက် ၂၀ – ၃၉ နှစ်ကြား လူငယ်၊လူရွယ်တွေရဲ့ ၈၅ရာခိုင်နှုန်းဟာ (အလိုရှိချိန်မှာ) ‘အမြဲတမ်း’ ဒါမှမဟုတ် ‘အမြဲတမ်းနီးနီး’ လိင်တံထောင်မတ်နိုင်စွမ်းရှိတယ်၊လိင်ဆက်ဆံဖို့ လုံလုံလောက်လောက် ဆက်လက်ထောင်မတ်နိုင်တယ်လို့ ဖြေဆိုခဲ့ကြပါတယ်။ဆိုလိုတာက ကျန်ရှိတဲ့ ၁၅ ရာခိုင်နှုန်းကတော့ တခါတရံ ပြဿနာတက်လေ့ရှိတယ်လို့ ဆိုလိုရင်းပါပဲ။အသက် ၄၀ – ၅၉ နှစ်ကြား အမျိုးသားတွေကို မေးမြန်းရာမှာတော့ ၂၀ရာခိုင်နှုန်းလောက်ကသာ စိတ်ကျေနပ်လောက်တဲ့အထိ လိင်တံထောင်မတ်နိုင်တယ်လို့ ဖြေဆိုခဲ့ကြပါတယ်။ဒါကြောင့် ပန်းသေပန်းညှိုးခြင်းဟာ ဘိုးဘိုးတွေပဲ ကြုံရတတ်တဲ့ ပြဿနာတခု မဟုတ်ဘဲ ကိုကိုတို့၊ဦးဦးတို့လည်း ရင်ဆိုင်ကြုံတွေ့လာရနိုင်ပါတယ်။

အိပ်ယာပေါ်မှာ ပြဿနာတခါ တက်တာနဲ့ သင့်မှာ ပန်းသေပန်းညှိုးရှိနေပြီလို့ ပြောလို့ရတယ်

ဒါဟာလည်း မှားယွင်းတဲ့ အယူအဆပါ။ပင်နယ်တီတလုံး မဝင်တာနဲ့ မက်ဆီ မြောင်းထဲ ရောက်မသွားသလို တညတလေ လိင်တံမထောင်မတ်နိုင်တာနဲ့ပဲ သင့်မှာ ပန်းသေပန်းညှိုးဖြစ်နေပြီလို့ မပြောနိုင်ပါဘူး။အဲ့ဒီ့ည အစောပိုင်းက အရက်တွေ ဒေါင်ချာစိုင်းအောင် သောက်ခဲ့မိတာ၊အလုပ်မှာ၊ရုံးမှာ တပတ်လုံး စိတ်ရောကိုယ်ပါ ပင်ပန်းခဲ့တာ၊တခြား စိတ်ဖိစီးမှုတွေရှိနေတာ စတဲ့ အချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ဒါကြောင့် မစိုးရိမ်ပါနဲ့။ဒါပေမယ့် လိင်တံ လုံးဝမထောင်မတ်နိုင်ခြင်း ဒါမှမဟုတ် ထောင်မတ်ပြီးသား လိင်တံကို ကြာရှည်ထိန်းသိမ်းနိုင်စွမ်း မရှိခြင်း စတဲ့ ပြဿနာတွေဟာ သုံးလထက် ကျော်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါပြီ။

ပန်းသေပန်းညှိုးခြင်းဟာ လိင်တံတခုတည်းရဲ့ ပြဿနာဖြစ်တယ်

မှားပါတယ်။လိင်တံမထောင်မတ်နိုင်ခြင်းဟာ သင့်ခန္ဓာကိုယ် အစိတ်အပိုင်းတခုခုမှာ ပြဿနာရှိနေပြီဆိုတာကို ဖော်ပြပါတယ်။ဥပမာ နှလုံးရောဂါပေါ့။သွေးတိုးနဲ့ သွေးတွင်းအဆီဓာတ် များပြားခြင်းဟာလည်း သင့်ခန္ဓာကိုယ်ထဲက သွေးကြောတွေကို ထိခိုက်ပျက်စီးစေတာမို့ လိင်တံဆီ သွေးအရောက်နည်းစေပါတယ်။အကျိုးဆက်အားဖြင့် လိင်တံထောင်မတ်နိုင်ဖို့ ခက်ခဲလာပါလိမ့်မယ်။ပန်းသေပန်းညှိုးခြင်းဟာ ဆီးချိုးရောဂါ၊တက်စတိုစတီရုန်း ဟော်မုန်းနည်းပါးခြင်း ဒါမှမဟုတ် စိတ်ကျဝေဒနာတွေရဲ့ ရှေ့ပြေးလက္ခဏာတခု ဖြစ်နိုင်ပါတယ်။ဒါကြောင့် ပန်းသေပန်းညှိုးပြဿနာနဲ့ ရင်ဆိုင်ရပြီဆိုရင် ရှက်ရှက်နဲ့ ကြိတ်ကုမနေဘဲ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ဆီသွားရောက် ပြသရပါမယ်။

ပန်းသေပန်းညှိုးခြင်းဟာ သင့်စိတ်တခုတည်းကြောင့်ပဲ ဖြစ်နေတာ

ရာနှုန်းပြည့်မမှန်ပါဘူး။ဒါပေမယ့် သင့်ခန္ဓာကိုယ်ရဲ့ အပြစ်ချည်းပဲတော့လည်း မဟုတ်ပြန်ပါဘူး။တကယ်တော့ ပန်းသေပန်းညှိုးခြင်းရဲ့ လက်သည်ဟာ ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ပေါင်းစုံခြင်းကြောင့် ဖြစ်ပေါ်လာရတာ များပါတယ်။လိင်တံဆီ သွေးပို့ပေးတဲ့ သွေးကြောတွေမှာ ပြဿနာရှိရင် လိင်တံမထောင်မတ်နိုင်တာ မှန်ပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး စိတ်ဖိစီးလေ၊လိင်တံထောင်မတ်ဖို့ ခက်ခဲလေပါပဲ။ဒါကြောင့် ဘယ်လိုအခြေအနေမျိုးတွေမှာ လိင်တံထောင်မတ်ဖို့ ခက်သလဲဆိုတာ မှတ်သားထားပြီး ဆရာဝန်သွားပြတဲ့အခါ သေချာပြောပြပါ။ဒါဆိုရင် သင့်ပြဿနာရဲ့ ရင်းမြစ်ကို ဆရာဝန်က အနီးစပ်ဆုံး၊အမှန်ကန်ဆုံး ဖော်ထုတ်နိုင်မှာဖြစ်ကာ အသင့်တော်ဆုံး ကုသမှုကိုလည်း ပေးနိုင်ပါလိမ့်မယ်။

သင့်အကျင့်ဆိုးတွေနဲ့ ပန်းသေပန်းညှိုး ဘာမှ မဆိုင်ဘူး

အရက်၊ဆေးလိပ်၊မူးယစ်ဆေး စတာတွေဟာ သင့်လိင်တံကိုသာမက အလုံးစုံသော ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။အရက်၊ဘီယာသောက်ပြီး လိင်ဆက်ဆံရင် ပိုပြီးအဆင်ပြေတယ်လို့ ကာလသားကြီးတွေရဲ့ တဆင့်စကား၊တဆင့်နားကို မယုံပါနဲ့။အမူးလွန်ရင် ဇက်တောင်မတ်မတ် မထောင်နိုင်တော့ပါဘူး။ဒါ့အပြင် အရက်ဟာ သင့်ကျန်းမာရေးအတွက် ဘယ်လောက်ဆိုးရွားသလဲဆိုတာ အထူးတလည် ပြောနေဖို့တောင် မလိုပါဘူး။ဆေးလိပ်သောက်ခြင်းဟာလည်း သွေကြောတွေကို ကျဉ်းစေတာမို့ လိင်တံဆီသွေးအရောက်နည်းစေကာ ပန်းသေပန်းညှိုးဖြစ်စေနိုင်ပါတယ်။ဆေးလိပ်ဖြတ်အပြီး တနှစ်လောက်အကြာမှာ လိင်တံထောင်မတ်မှု အခြေအနေပိုကောင်းလာတယ်လို့ ဆေးလိပ်ဖြတ်ပြီးသူ ၂၅ရာခိုင်နှုန်းက ဆိုပါတယ်။အခြားသော မူးယစ်ဆေးဝါးတွေဟာလည်း ပန်းသေပန်းညှိုးခြင်းကို ဦးတည်စေပါတယ်။

ပန်းသေပန်းညှိုးအတွက် အသုံးပြုတဲ့ ဆေးဝါးတွေက အားလုံးအတူတူပဲ

သင်ကြားဖူးနားဝ ရှိနေကျ ဗိုင်ယာဂရာ၊ဆီဒိုရာ၊မက်စ်မိတ်၊ကာဗာတာ စတဲ့ ဆေးတွေဟာ ယေဘုယျအားဖြင့်တော့ ပါဝင်တဲ့ ဓာတုဗေဒပစ္စည်း အုပ်စုတူညီကြပါတယ်။သူတို့တွေဟာ ပြောင်ချောကြွက်သားတွေကို ဖြေလျှော့စေပြီး လိင်တံဆီသွေးအရောက်များစေကာ လိင်တံကို ပိုမိုထောင်မတ်စေပါတယ်။ဒါပေမယ့် ဆေးတမျိုးချင်းစီပေါ် မူတည်ပြီး သင့်ခန္ဓာကိုယ်အပေါ် အကျိုးသက်ရောက်မှုက အနည်းအကျဉ်း ကွာဟပါတယ်။ဒီအချက်ဟာ ဆေးအာနိသင် ထိရောက်မှုရှိမရှိဆိုတဲ့ အနေအထားအပေါ် အထူးသက်ရောက်မှုရှိနေပါတယ်။ဥပမာ တချို့ဆေးတွေဟာ သုံးစွဲပြီးတနာရီအကြာမှာ အာနိသင်အထက်မြက်ဆုံး ဖြစ်ပေမယ့် တချို့ဆေးတွေကတော့ နှစ်နာရီလောက်အကြာမှ အာနိသင်ပြပါတယ်။ဆေးမသောက်ခင် အဆီအဆိမ့်များတဲ့ အစားအသောက်တွေ စားခြင်းဟာလည်း ဆေးရဲ့အာနိသင်ကို ထိခိုက်နိုင်ပါတယ်။ဒါကြောင့် အစာစားပြီး ၂ – ၃နာရီလောက်နေမှ ဒီဆေးတွေကို သုံးစွဲသင့်ပါတယ်။

ပန်းသေပန်းညှိုးဖြစ်ရင် တက်စတိုစတီရုန်း ဟော်မုန်းထိုးပေးရတယ်

ဒါဟာ မှားပါတယ်။ပန်းသေပန်းညှိုးဝေဒနာ ခံစားနေရပေမယ့် သင့်ခန္ဓာကိုယ်ရဲ့ တက်စတိုစတီရုန်းဟော်မုန်းပမာဏ ပုံမှန်အတိုင်း ရှိနေမယ်ဆိုရင် ဒီလို ထိုးပေးလို့ ဘာအကြောင်းမှ မထူးပါဘူး။ဒါကြောင့် တက်စတိုစတီရုန်းဟော်မုန်းပမာဏကို တိုင်းတာစစ်ဆေးဖို့လည်း လိုအပ်ပါတယ်။ဟော်မုန်းပမာဏ ၃၀၀ ng/dl ထက်နည်းရင် ဟော်မုန်းဓာတ်နည်းနေပြီလို့ ယေဘုယျအားဖြင့် ယူဆရပါတယ်။ဒါဆိုရင်တော့ ဟော်မုန်းဆေးထိုးဖို့ လိုအပ်နေပါပြီ။နောက်သိထားသင့်တဲ့တချက်က ဘာလဲဆိုတော့ ဟော်မုန်းပမာဏ နည်းနေသည့်တိုင် ပုံမှန်ပမာဏပြန်ရောက်အောင် ထိုးပေးလိုက်ရုံနဲ့ သင်ခံစားနေရတဲ့ ပန်းသေပန်းညှိုးပြဿနာက ချက်ချင်းပြေလည်သွားမှာ မဟုတ်ပါဘူး။တခြားဆေးဝါးတွေကို သုံးစွဲဖို့ လိုအပ်နေတုန်းပါပဲ။

အမျိုးသားတိုင်းအတွက် နံပါတ်တစ်ရန်သူဖြစ်တဲ့ ပန်းသေပန်းညှိုးခြင်း ပြဿနာဟာ တကွေ့မဟုတ်၊တကွေ့ကြုံလာရနိုင်တဲ့ ကိစ္စပါ။ဒါကြောင့် ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့ အယူအဆတွေကို သိရှိနိုင်စေဖို့ မျှဝေပေးလိုက်ရပါတယ်။

မူရင်းပို့စ် ပိုင်ရှင်အား လေးစားစွာ Credit ပေးပါသည်။

Comments